စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) မှ ယနေ့ ဇွန်လ ၉ ရက်နေ့၊ မွန်း လွဲ ၃ နာရီခန့်တွင် ကလေးမြို့တောင်ပိုင်း ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ၁ ဦး ကျည်ထိမှန်သေဆုံးပြီး ဒဏ်ရာရသူလည်းရှိသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီသည် ကလေးတောင်ပိုင်းအား ဇွန်လ ၆ ရက်နေ့တွင် စစ်ကြောင်းထိုး၍ ဇင်းကလင်းရွာတွင် ဘန်ကာများဆောက်ကာ အထိုင်ချနေပြီးနောက် ယခုကဲ့သို့ ကလေးတောင်ပိုင်းအား လက်နက်ကြီးများဖြင့် နေစဥ် ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။
“တိုက်ပွဲကမဖြစ်ပါဘူး။ သူတို့က ဇင်းကလင်းရွာမှာ ဘန်ကာတွေဆောက်ပြီး အထိုင်ချနေတော့ PDF တွေလာပြီး တိုက်မယ်ထင်ပြီး လျှောက်ရမ်းပစ်နေတာ။ အခုက ရွာထဲကျတာ မဟုတ်ဘူး။ စစ်ဘေးရှောင်နေတဲ့နေရာကို တည့်တည့်ကျတာ။ မိန်းမ ၂ ယောက်ထိတာ ၁ ယောက်က နေရာတင်ပွဲချင်းပြီး ဗိုက်ပွင့်သေသွားတာ။ နောက်တစ်ယောက်က ခါးကို ရှပ်ထိတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ ရေလဲဦးကျေးရွာမှ အသက် ၅၀ အရွယ် မလှဆိုသူဖြစ်သည်ဟု သိရှိရသည်။ လက်ရှိတွင် ကလေးတောင်ပိုင်းတွင် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု စုံစမ်းသိရှိရသည်။