မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများကို မလေးရှားရဲတို့က ဖမ်းဆီးငွေညှစ် မှုများလာကြောင်းသိရသည်။
၂၀၂၃ခုနှစ်၊ မေလမှစတင်၍ မလေးရှားနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသား ပိုမိုများပြားလာပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကလည်း ထိထိရောက်ရောက်ကူညီပေးခြင်းမရှိကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
“ ဒီမှာဝန်ကြီးချုပ်အပြောင်းအလဲရှိတယ်။ရဲချုပ်အသစ်ပြောင်းတော့ သူတို့ရဲတွေရဲ့ မူဝါဒတွေဖြစ်မှာပေါ့။တချို့လဝကတွေက ရဲတွေကို ခိုင်းတယ်။ပြီးတော့ရဲတွေကနယ်မြေခံတွေနဲ့ပေါင်းပြီးတော့ ဖမ်းတယ်။ပြီးတော့လွှတ်ပေးတာတွေရှိတယ်။လာဘ်စားတယ်။အဲ့ဒါကိုသူတို့ကလာဘ်စားမှုတိုက်ဖျက်ရေးဆိုပြီးတော့ ခုနောက်ပေါင်း အော်ပရာဇီ။အဲ့ဒါအရင်တုန်းကမသုံးတဲ့အထူးရဲတွေကိုပေါ့။အဲ့ဒါသုံးလာတာတွေရှိတယ် “ ဟု ၎င်းက ပြောသည်။
ယခုလို အဖမ်းအဆီးများနေချိန်တွင် မလေးရှားရောက်မြန်မာများကို မြန်မာသံရုံးက ပတ်စ်ပို့ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရက်ချိန်း၊လချိန်းများပေးနေသဖြင့် ရက်လွန်ပတ်စ်ပို့များဖြစ်လာပြီး တရားမဝင်နေထိုင်နေရသည့် အဆင့်သို့ ရောက်လာကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“ သူဌေးကောင်းလို့စာအုပ်သွားလုပ်မယ်ဆိုရင်တောင် ပတ်စ်ပို့စာအုပ်ကအဆင်ပြေပြေနဲ့ထုတ်လို့မရဘူး။သံရုံးက ထုတ်မပေးဘူး စာအုပ်သွားလုပ်ရင် လာမယ့်နှစ်ကိုချိန်းတာမျိုးတွေ ၊လေး၊ငါး လချိန်းတာမျိုးတွေရှိတယ်။အဲဒါကြောင့်မလေးရှားမှာ overstay တွေများပြီးပိုပိုများပြားလာတာတွေရှိတယ်။ဒါ သံရုံးပေါ်မှာလည်းအားနည်းချက် တွေရှိ တယ်။ သံရုံးမှာလည်းဘာကြောင့် တိတိကျကျ မေးနိုင်တဲ့ မြန်းနိုင်တဲ့ လူကလည်းမရှိဘူး။ အဲ့တော့ ကိုယ်တွေနားမှာလည်းရှိတယ်။ စာအုပ်သွားတင်တာတောင် စာအုပ်သွားလဲတာအသစ်နဲ့အ ဟောင်း လဲတာကို တလလောက်ခွာချိန်းတယ်။အဲ့တော့အခုက ၅လပိုင်း၃၁ရက်နေ့ကပါမစ်ကပိတ်သွား ပြီ။ပါမစ်လုပ်ခွင့်ပိတ်လိုက်ပြီ။အဲ့တော့အဲ့လူတွေကအလိုလိုနေရင်း overstay စာရင်းထဲဝင်သွားပြီ” ဟု ၎င်းကပြောသည်။
မလေးရှားနိုင်ငံရှိ ရဲများနှင့် အထူးရဲများသည် မြန်မာနိုင်ငံသားများကိုသာ သီးသန့်ဖမ်းဆီးနေခြင်းမဟုတ်သော်လည်း မြန်မာလူမျိုးအများဆုံးဖမ်းဆီးခံနေရကြောင်း မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ ဒီမှာက ပုဆိုးတကားကား၊ထဘီတကားကားနဲ့ သွားနေကြတော့ ဖမ်းရလွယ်တာပေါ့။ပတ်စပို့စ်ကိုင်ထားသူတွေတောင် အဲ့လိုမနေဘူး။ “ ဟု ၎င်းက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က မတရားပုဒ်မတပ်ကာ လိုက်လံဖမ်းဆီးမှုများကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်တိမ်းရှောင်နေရသူများလည်း ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာသဖြင့် အခက်အခဲများဖြစ်နေကြောင်း သိရသည်။