စစ်ကောင်စီမှ ဇွန်လ ၇ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်လိုက်သည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာနေကြောင်း UNOCHA က ယနေ့တွင် ထုတ်ပြန်အသိပေးသည်။
ကနဦး ခွင့်ပြုချက်များဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု ဖြန့်ဝေရန်အတွက် ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ်များသို့ သယ်ယူပို့ဆောင်ရေး အစီအစဉ်များလည်း ဆိုင်းငံ့ခံထားရကာ ချင်းပြည်နယ်တွင်လည်း စစ်ကောင်စီအနေဖြင့် ထိုနည်းတူ ပြုလုပ်နိုင်ကြောင်း ဆိုသည်။
“စစ်ကောင်စီက မလုပ်သင့် မလုပ်ထိုက်တာကို လုပ်တာ။ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အရေးပေါ်အကူအညီတွေက အများကြီးကို လိုအပ်နေတာ။ အခုလည်း လူတိုင်း ကူညီကယ်ဆယ်ရေးတွေကို ရထားတာ မဟုတ်သေးဘူး။ သူတို့ (စကစ) လည်း အပြည့်အဝ ကူညီထားတာမဟုတ်သလို နိုင်ငံတကာက ကူညီမှုတွေကိုလည်း ပိတ်ပင်လိုက်တာဆိုတော့ နစ်နာရသူကတော့ ပြည်သူပဲဖြစ်တာပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား စစ်ကောင်စီမှ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အပြင် နိုင်ငံပြင်ပမှ ကယ်ဆယ်ရေးအကူအညီ ဖြည့်တင်းရန်တောင်းဆိုမှုအား အကန့်အသတ်ဖြင့် ခွင့်ပြုလိုက်သော်လည်း အခြားသော ကိစ္စရပ်များ ဆိုင်းငံ့ခံရကြောင်း သိရသည်။
“နိုင်ငံတကာ အကူအညီတွေရမှ ကျွန်တော်တို့ ဒေသက ပြန်လည်ထူထောင်ရေးကာလက မြန်မြန်နဲ့ ပြီးမြောက်မှာပေါ့။ အရင်ကလည်း တိုက်ပွဲဖြစ်ပြီးတော့ ဆေးဝါးသယ်ခွင့်တွေကို ပိတ်လို့ အကုန်လုံး ဒုက္ခရောက်ကြတယ်။ အခုက မုန်တိုင်းကြောင့် ရခိုင်ပြည်သူတွေက နလန်မထူနိုင်အောင်ကို ဖြစ်နေတာ။ အကုန် ဒုက္ခတွေရောက်နေလို့ နေစရာ စားစရာကအစ လိုနေပါတယ်ဆိုတဲ့ အချိန်မှာ ဒီလုပ်ကို လုပ်တာက ရက်စက်တယ်ဆိုတာထက် ယုတ်မာကောက်ကျစ်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု အမည်မဖော်လိုသည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူနေအိမ်များ များစွာပျက်စီးဆုံးခဲ့သည့်အပြင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များလည်း များစွာ ဆုံးရှုံးခဲ့ကာ စီးပွားရေး ပြန်လည်ထူထောင်ရန်လည်း ဒေသခံများအနေဖြင့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဒေသခံကူညီကယ်ဆယ်ရေးသမားတွေဆိုတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ရအောင် လုပ်ပေးမယ်။ ကျွန်တော်တို့က မြေပြင်မှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေကို လိုအပ်နေတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ သိနေရတာ။ အခုက အများကြီး လိုနေသေးတာ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဆီကို လှူပေးတဲ့ သူတွေရဲ့ အကူအညီတွေနဲ့ပဲ ကူညီနိုင်တာ။ သူတို့မကူညီနိုင်ရင် အကုန်လုံးက တစ်ပူပေါ်နှစ်ပူဆင့် ဒုက္ခကရောက်ပြီးရင်းကို ရောက်နေကြမှာပဲ။ အခုလည်း ဒီလိုလုပ်တာက နိုင်ငံတကာ အကူအညီတွေ ရဖို့ကို မျှော်လင့်နေတဲ့ ကျွန်တော်တို့ ဒေသခံတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပဲပေါ့”ဟု ဒေသတွင်း ကူညီရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။
တစ်နာရီလျှင် မိုင် ၁၃၀ ကျော်နှင့် တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လူဦးရေ ၁.၆ သန်းခန့် အရေးပေါ်အကူအညီများ လိုနေကြောင်း UNOCHA က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ မုန်တိုင်းဒဏ်သင့်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ် စသည့် ဒေသများရှိ ပြည်သူ ၁.၆ သန်းအား ငွေကြေးထောက်ပံ့နိုင်ရန်အတွက် တောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၃၃၃ သန်းထဲမှ ၈ သန်းအား ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။