မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင်၌ စစ်သားနှင့်ရဲတို့ ရိုက်နှက် တောင်းရမ်းခဲ့သော ငွေများကို ကာယကံရှင်ဒေသခံများ ပြန်လည်ရရှိကြောင်း သိရသည်။
ဇွန်လ၇ရက်နေ့၊ည၆နာရီနောက်ပိုင်းတွင်မိုးကုတ်မြို့အနီး၊ ဆတ်အင်းစေတီနား၌ စစ်သားနှင့်ရဲ၂ဦးက လမ်းသွားလမ်းလာ ဆိုင်ကယ်များအား တားကာ ရိုက်နှက်၍ငွေတောင်းရမ်းခဲ့ကြောင်း တောင်းရမ်း ခဲ့သည့်ငွေများအား ဇွန်လ၈ရက်နေ့ နံနက်၁၀နာရီခန့်၌ မိုးကုတ်မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်တို့က ကာယကံရှင်များထံ ပြန်ပေးခဲ့ခြင်းဖြစ် ကြောင်း ရိုက်နှက်တောင်းရမ်းခံရသူ ဒေသခံတစ်ဦးကပြောသည်။
” ကျွန်မ တို့ကို ရဲစခန်းမှာ ပိုက်ဆံလာယူလို့ရပြီလို့ ဖုန်းဆက်လာတာ။ အဲဒါနဲ့ကျွန်မတို့လည်း သွားယူတာ။ ဟိုရောက်တော့ ပိုက်ဆံပြန်တောင်းတဲ့လူ ၃၀ လောက်ရှိမယ်” ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
ငွေရိုက်နှက်တောင်းရမ်းခဲ့သောစစ်သားနှင့်ရဲမှာ နယ်မြေခံတာဝန်ကျနေသူများမဟုတ်ဘဲ အခြားဒေသမှ ရောက်ရှိလာသူများဟု သိရသည်။
ယင်းသို့ ရိုက်နှက်ငွေတောင်းရမ်းနေသည့်သတင်းအရ နယ်မြေခံရဲများက သွားရောက်စစ်ဆေးပြီး နောက် ငွေများသိမ်းဆည်းကာ လုယက်ခံရသူဒေသခံများအား မိုးကုတ်မြို့မရဲစခန်း၌ငွေအတိအကျ ပြန်လည်ပေး အပ်ခြင်းဖြစ်သည်။
ငွေရိုက်နှက်လုယက်သော စစ်သားနှင့်ရဲတို့သည် လောက်ကိုင်ဘက်မှ ရောက်ရှိလာသူများဟု သိရ ပြီး ၎င်းတို့အား အရေးယူခြင်းရှိ၊မရှိ ဒေသခံများက မသိရှိပေ။
” ကျွန်တော်တို့ကို အတင်း ဆိုင်ကယ်ရပ်ခိုင်းတယ်။ ဆိုင်ကယ်ပေါ်ကတောင်မဆင်းရသေးဘူး။ သူတို့က စရိုက်ပြီး ပိုက်ဆံတောင်းတယ် ။ပိုက်ဆံမပေးနိုင်ရင် ဆိုင်ကယ်ထားခဲ့ခိုင်းတယ်” ဟု အရိုက်ခံရသူ ဒေသခံတစ်ဦးက ပြောသည်။
ပြည်သူအချို့ကိုမူ အင်္ကျီချွတ်ခိုင်းပြီး ကျောပြင်အား ဌက်ကြီးတောင်ဓားဖြင့်အပြားလိုက်ရိုက်ကာ ငွေတောင်းကြောင်း သိရသည်။
ပိုက်ဆံမပါလာသူများကို ရိုက်နှက်ကာ ဆိုင်ကယ် သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းခဲ့သည့်ဆိုင်ကယ်များ အား ယမန်နေ့က ကာယကံရှင်များထံရဲတပ်ဖွဲ့က ပြန်ပေးခဲ့ကြောင်း အရိုက်ခံရသူ ဒေသခံတစ်ဦးက ပြောသည်။
” ကျနော့်အိတ်ထဲက ပိုက်ဆံ ၂သိန်း ကိုတွေ့တော့ မင်းတို့က PDF ကိုထောက်ပံ့ပြီး ငါတို့ကိုပုန်ကန်တယ်ဆိုပြီးတော့သိမ်းသွားတယ်ဗျာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုစစ်သားနှင့်ရဲသည် သေနတ်ကိုင်ဆောင်ထားခြင်းမရှိဘဲ ငှက်ကြီးတောင်ဓားဖြင့်သာ ပြည်သူများကို အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။