စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလဲမြို့နယ်ကြားကာလတရားစီရင်ရေးအဖွဲ့မှ တရားသူကြီးတစ်ဦးဖြစ်သည့် ကိုယ်ပိုင်အမှတ် တ-၁၂၃ ဦးပုဏ္ဏကကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးပုဏ္ဏက (ကိုဇာနည်မောင်) အား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ပြန်လည်လွှဲပြောင်းပေးမည်ဟု MRDA တာဝန်ရှိသူက ကတိပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိသေးသည့်အတွက် ဦးပုဏ္ဏက၏ လုံခြုံရေးနှင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ဆိုသည်။
“သူတို့ ဖမ်းသွားတာသိတော့ မနေ့က MRDA က ကိုတင်ငြိမ်းတို့ကို ခေါ်တယ်။ ဘာကြောင့် ဖမ်းရတာလဲမေးတော့ ခိုင်လုံတဲ့အကြောင်းပြချက်တော့ မဟုတ်ပါဘူးဗျာ။ သူတို့ပြောတာကတော့ လျှပ်စစ်မီးကြေးတွေ အလွဲသုံးစားလုပ်လို့ပါပေါ့။ အဲ့ဒါကလည်း အခုကြားကာလ ကိစ္စမဟုတ်ဘူး။ ဟိုးအရင် အာဏာမသိမ်းခင်က ကိစ္စ”ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က MPA သို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကိုဇာနည်မောင် (ဦးပုဏ္ဏက) သည် MRDA မှ ဗိုလ်နဂါးနှင့် တစ်ရွာတည်းသား ညီအစ်ကိုနှစ်ဝမ်းကွဲတော်စပ်သူဖြစ်ပြီး ယခင်က ကျေးရွာလျှပ်စစ်မီးကော်မတီဝင်တစ်ဦးဖြစ်သည်ဟု သိရသည်။
“ပြဿနာက ဒီလိုဗျ။ လျှပ်စစ်မီးကော်မတီဆိုတော့ ရန်ပုံငွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရှိတယ်လေ။ ကိုနဂါးကနေပြီးတော့ ကျေးရွာရဲ့ လျှပ်စစ်မီး ရန်ပုံငွေတွေကို အပ်ရမယ်ပေါ့။ ကိုဇာနည်မောင် (ဦးပုဏ္ဏက) တို့က စာရင်းရှင်းတမ်းဘာညာနဲ့ အကုန်အပ်လိုက်တာပေါ့ဗျာ။ အဲ့ဒါကို ကိုဇာနည်မောင်က ဗိုလ်နဂါးအနေနဲ့ တခြားနယ်တင်မဟုတ်ဘူး ဇာတိရွာဖြစ်တဲ့ကျေးရွာကိုတောင်မှ အနိုင်ကျင့်ဗိုလ်ကျပြီးတော့ ကျေးရွာပိုင်ဖြစ်တဲ့ ရန်ပုံငွေကိုတောင် ယူပါတယ်ဆိုပြီးတော့ မနှစ်ပိုင်းက ထင်တယ်။ တရားဝင်မီဒီယာမှာ ဗွီဒီယိုဖိုင်နဲ့ ပြောဖူးတယ်”ဟု ကိုဇော်ထက်က ဆက်ပြောသည်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး သံသယရှိသည်များကို ၎င်းတို့ထံလာရောက်တိုင်ကြား၍ ဖြေရှင်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့အပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စိစစ်၍ အပြစ်ရှိသည်ဟု ထင်ရှားပါက ဥပဒေအတိုင်းအရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ဦးပုဏ္ဏကအား ပြန်လည်လွှတ်ပေးကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တရားဝင်တိုင်ကြားမည်ဟု ကတိပြုခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသည့်အတွက် အဆိုပါဖြစ်စဥ်အား NUG ၏ သက်ဆိုင်ရာအဖွဲ့အစည်းများထံ သတင်းပို့ထားသည်ဟု စုံစမ်းသိရှိရသည်။ လက်ရှိတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ထံ MPA အနေဖြင့် ဆက်သွယ်ထားသော်လည်း အဆက်အသွယ် မရသေးပေ။