မန္တလေးဗဟိုအကျဉ်းထောင်မှ တက္ကဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ အားလုံး ဂုဏ်ထူးများရကာ အောင်မြင်ခဲ့ကြောင်း အိုးဘိုထောင်ရှိ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ယနေ့ နံနက် ၄နာရီခန့်က စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာစစ်ဌာနများတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊တက္ကဝင်တန်းအောင်စာရင်းများကပ်၍ ဖော်ပြခဲ့ကြောင်း အိုးဘိုထောင်ရှိ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ အကုန်လုံးအောင်တယ်။၂၉ ဦး ဖြေတာပေါ့။၂၉ ဦးစလုံး ဂုဏ်ထူးတွေ နဲ့အောင်မြင်ခဲ့ပါတယ်။ ၄ ဘာသာ ဂုဏ်ထူး ထွက်တဲ့သူ ၂ ယောက်တောင်ပါတယ်။၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၃ ဦးနဲ့ ၁ ဘာသာဂုဏ်ထူးရှင် ၄ ဦး စုစုပေါင်း ၂၉ဦး ပါ” ဟု ၎င်းက ပြောသည်။
အလားတူပင် ရန်ကုန်ဗဟိုအကျဉ်းထောင်တွင်လည်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊တက္ကဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများရှိပြီး ဂုဏ်ထူးပါသူများရှိကြောင်းနှင့် ကျရှုံးသူများလည်း ရှိကြောင်း အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ မနက် ၄ နာရီက ဖုန်းဆက်လာတယ်။ ဂုဏ်ထူး ၃ ဘာသာနဲ့ပေါ့။ ဝိပ္ပံအတွဲနဲ့ အောင်တာပါ။ ပထဝီ၊ သမိုင်း၊ ဘောဂပေါ့။ ဘယ်နှစ်ယောက်ဖြေလဲဆိုတာတော့ မသိဘူး။ သူနဲ့တူတူဖြေတဲ့ ကောင်လေးတစ်ယောက်တော့ ကျတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၂- ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၀၉၈၅၁ ဦး နှင့် အောင်ချက် ရာခိုင်နှုန်း ၆၇.၈၇ ထိရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် အာဏာသိမ်းချိန်မှ စတင်၍ နိုင်ငံတဝှမ်းရှိ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအများစုက CDM ပြုလုပ်ကာ ရရာနေရာမှ နေ၍ တော်လှန်တိုက်ခိုက်လျက်ရှိသော်လည်း စစ်ကောင်စီ လက်အောက်ခံကျောင်းများတွင် စာသင်ကြာပေးသည့် ဆရာ၊ ဆရာမများနှင့် စာသင်ယူနေသည့် ကျောင်းသားကျောင်းသူ အချို့မှာ ယနေ့အထိ ရှိနေဆဲဖြစ်သည်။