ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံ ရပ်ကွက်ရှိ ရွှေလိပ်ပြာ တည်းခိုခန်းတွင် တည်းခိုနေသည့် KIA အရာရှိနှစ်ဦးကို ဇွန်လ ၆ ရက်နေ့ နံနက် ၀၀ း ၃၀ ခန့်က စစ်ကောင်စီ စရဖဘက်မှ လူအင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဖမ်းခံရသည့် အရာရှိ နှစ်ဦးမှာ ဦးလွမ်းဒေါင်နှင့် ဦးအင်ခွင်လဆမ်တို့ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးကို မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးမွေးမြူရေးအနီးရှိ စစ်ကောင်စီအဖွဲ့၏ စရဖအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု KIA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
” ဟုတ်မှန်ပါတယ်။ သူတို့က မြစ်ကြီးနား နောင်ရာ တိုက်နယ် ဒုအုပ်ချုပ်ရေး အရာရှိ အဒေါင်နဲ့ မလိယာန်မြို့ ဇီးအွန်တိုက်နယ် က ဒုအုပ်ချုပ်ရေး အရာရှိ အင်ခွင်လ တို့ ဖြစ်ပါတယ်” ဟု ၎င်းက အတည်ပြုပြောကြားသည်။
ယင်းဖမ်းဆီးသွားသည့် ညက ၎င်းတို့ နေထိုင်ရာ တည်းခိုခန်းသို့ အရပ်ဝတ်နှင့် လူ ၄ ဦးမှ လာရောက်စုံစမ်းပြီးနောက် မကြာခင်အချိန်အတွင်းမှာ ကားများဖြင့် လူအင်အားသုံးကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း တည်းခိုခန်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
” ကျွန်တော်ကြားတာတော့ အင်္ဂါနေ့ည ၁၂ကျော်ကျော်လောက်မှာ အဲ့ဒီ ရွှေလိပ်ပြာတည်းခိုခန်းက လူဖမ်းသွားတယ်ပဲ ပြောတာကြားတယ်။ KIA အရာရှိ ဟုတ်လားမဟုတ်လားတော့ မသိဘူး” လို့ သူက ကြားသိရသည်များကို ပြန်ပြောင်းပြောပြသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်မှ စ၍ ကချင်ပြည်နယ်ရှိ KTV နှင့် တည်းခိုခန်းများတွင် KIA/ KIO အရာရှိများ ရောက်ရှိနေကြောင်း ကြားသိရသည်နှင့် စစ်ကောင်စီဘက်မှ အလစ်တိုက် ဝင်ရောက် ဖမ်းဆီးခြင်းများ ခံခဲ့ရပြီး ယခုဆိုလျှင် ဖမ်းဆီးခံခဲ့ရ အရာရှိ ဦးရေ ၁၇ ယောက်နှင့်အထပ် ရှိလာပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။