မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးနှင့် လူမှုအဖွဲ့အစည်းများအားလုံးအား ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ရပ်ဆိုင်းထားကြောင်း စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်သည်။
“ဟုတ်ပါတယ်။ ဒီနေ့ တရားဝင်စာထုတ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ မကူလို့ မရတဲ့အတွက် ကူညီဖို့ကို နည်းအမျိုးမျိုးသုံးပြီး လုပ်ဆောင်နေဦးမှာပါ။ မဟုတ်ရင် မုန်တိုင်းသင့် ပြည်သူတွေပဲ ပိုပြီး ဒုက္ခရောက်စေမှာပါ”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ အမည်မဖော်လိုသည့် ခေါင်းဆောင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ ခွင့်ပြုထားသည့် ခရီးသွားလာခွင့်အား ယမန်နေ့ ဇွန်လ ၇ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းထားရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် အကြောင်းကြားထုတ်ပြန်ထားခြင်းဖြစ်သည်။
“ပြည်သူတွေက အခုထိ အကူအညီတွေ လိုနေကြတုန်းပါပဲ။ သူတို့ (စကစ) ဘက်က အခုလို သွားခွင့်ကို ရပ်လိုက်တော့ ကျွန်တော်တို့အနေနဲ့ ဒေသခံတွေဆီကို ဘယ်လိုမျိုး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးရမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ နယ်ဘက်တွေဆိုရင် အမိုးအကာတွေ အဓိကလိုနေကြတုန်းပဲ။ နေစရာအိမ် စားနပ်ရိက္ခာတွေက လိုနေတာ သောက်ရေကတော့ မိုးကိုပဲ ကျေးဇူးတင်ရမယ်ထင်တယ်။ မိုးရွာတော့ သောက်ရေအတွက် အဆင်ပြေသွားတယ်”ဟု ဒေသတွင်း ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် ပရဟိအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း နေအိမ်များမှာ ၉၈ ရာခိုင်နှုန်းခန့် ပျက်စီးသွားကာ IDP ကဒ်ကိုင်ဆောင်သော မွတ်ဆလင်များ အပါအဝင် ဒေသခံပြည်သူပေါင်း ရာနှင့်ချီ သေဆုံးပြီး မုန်တိုင်းသင့် ဒေသခံပြည်သူများအနေဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ရခိုင့်တပ်တော် AA ၏ တာဝန်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် မေလအတွင်းက MPA သို့ ဖြေကြားထားသည်။
ထို့အပြင် ၎င်းတို့၏ အင်အားဖြင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်အား ဖြေရှင်းရန် မလုံလောက်သဖြင့် နိုင်ငံတကာမှ ကူညီပေးရန်အတွက်လည်း အကူအညီများတောင်းခံထားခဲ့သည်။
ယနေ့တွင် စစ်ကောင်စီမှ နိုင်ငံတကာ ကူညီကယ်ရေးများနှင့် လူမှုအဖွဲ့အစည်းများအား ခရီးသွားလာခွင့် ပိတ်ပင်လိုက်ကာ ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင့်တပ်တော် AA ထံ ဆက်သွယ်မေးထားသော်လည်း ဖြေကြားခြင်း မရှိသေးပေ။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများရှိ လူဦးရေ ၈ သိန်းထံ သုံးလစာအရေးပေါ် စားနပ်ရိက္ခာနှင့် ငွေသားများ ထောက်ပံ့နိုင်ရန်အတွက် စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်နေကာ ခွင့်ပြုချက်ရသည်နှင့် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း WFP က ပြောဆိုထားချိန်တွင် စစ်ကောင်စီဘက်မှ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်အား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။