ချင်းပြည်နယ် တော်လှန်ရေးအတွက် ဘဏ္ဍာငွေရရှိရန် ရောင်းချခဲ့သည့် တူမီး ထီ အပတ်စဉ် (၁၃) မှ ရရှိခဲ့သည့် ကန်ဒေါ်လာ ၇၆၅ ဒေါ်လာအား CDF-Tonzang ထံ ပေးအပ်ခဲ့ကြောင်း တူမီး ထီ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၄ရက်နေ့က တူမီးထီ အပတ်စဉ် ၁၃ အား အဖွင့်ဆုကြေး ကန်ဒေါ်လာ ၁၁၀၀ ဖြင့် စတင်ရောင်းချခဲ့ပြီး တူမီးထီတစ်စောင်လျှင် ကန်ဒေါ်လာ ၅ နှုန်းဖြင့် ၂၀၅စောင် ရောင်းချနိုင်ခဲ့ကြောင်း တူမီးထီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တူမီးထီ အပတ်စဉ် ၁၃ ကနေ ရတာက ဒေါ်လာ ၁၀၂၅ ရတယ်။ဆုကြေးအဖြစ် ဒေါ်လာ ၂၅၀ ထုတ်တယ်။ အေးဂျင့်ခက ဒေါ်လာ ၁၀ ကျတယ်။ကျန်တဲ့ ၇၆၅ဒေါ်လာကို ကြေညာထားတဲ့ အတိုင်း CDF – Tonzangထံ ပေးအပ်ခဲ့တာပါ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က တူမီး ထီ အပတ်စဉ် ၁၃ ၏ ထီပေါက်စဉ်များကို ဖော်ပြခဲ့ပြီး ကံထူးသူ မရှိခဲ့သောကြောင့် နောက်လာမည့် တူမီး ထီ အပတ်စဉ် ၁၄ တွင် ဆုကြေးငွေ ကန်ဒေါ်လာ၂၅၀ထည့်ပေါင်းကာ အဖွင့်ဆုကြေးအဖြစ် ကန်ဒေါ်လာ ၁၃၀၀ မှ စတင်သွားမည်ဖြစ်ကြောင်း တူမီး ထီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အပတ်စဉ် ၁၃ မှာ ပေါက်တဲ့သူ မရှိလို့ အခုရောင်းချနေတဲ့ တူမီး ထီ အပတ်စဉ် ၁၄ မှာ ဒေါ်လာ ၂၅၀ ထပ် ပေါင်းပြီး ဒေါ်လာ ၁၃၀၀ နဲ့စဖွင့်ထားတာပါ။ အပတ်စဉ် ၁၄ ကိုတော့ ဇွန်လ ၃၀ ရက်နေ့မှာ ထီဖွင့်မှာပါ။ ဘယ်တပ်ဖွဲ့ကို ရန်ပုံငွေ ပေးအပ်မလဲဆိုတာ ထပ်ကြေညာပါ့မယ်” ဟု ၎င်းကပြောသည်။
တူမီး ထီ သည် နွေဦးတော်လှန်ရေးအတွက်ရည်စူးကာ ဖွဲ့စည်းခဲ့သည့် ချင်းရန်ပုံငွေ အဖွဲ့ (Chin Relief Funding Program – CRFP )မှ ရောင်းချသည့် ချင်း ဒီဂျစ်တယ် ထီ ဖြစ်ပြီး အကောင့်ဖွင့်စရာမလိုဘဲ တူမီးထီ လူမှုကွန်ရက် မက်စင်ဂျာမှ တဆင့် မေးမြန်းဝယ်ယူနိုင်ကြောင်း သိရသည်။
လက်ရှိတွင် တူမီး ထီ များ ရောင်းချရာမှ ရရှိခဲ့သည့် ကန်ဒေါ်လာ စုစုပေါင်း ၁၆၀၀၀ ခန့်ရှိပြီး တူမီး ထီ အပတ်စဉ် ၇ မှ စတင်၍ ရရှိငွေများအား ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် CJDC၊CDF-Lautu၊ CDF-Daai၊ACDF၊ CDF-Hualngo၊ CDF-Mindat၊ CDF-Thantlang၊ CDF-Kanpetlet နှင့် CDF-Tonzang အဖွဲ့များထံ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။