စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ကျေးရွာတစ်ရွာသို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စားသောက်ကုန်နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ပြီး လက်ရှိတွင် မီးလောင်ပြင်မှ ပြည်သူများအနေဖြင့် အကူအညီနှင့် လိုအပ်ချက် များစွာ ရှိနေသည်ဟု အဖွဲ့ဦးဆောင်သူက MPA ထံသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့၊ ယမန်နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၃၀ စုအတွက် တစ်အိမ်ထောင်လျှင်ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ငါးသေတ္တာ ၁ ဗူး၊ ဆား ၁ ထုပ်၊ သွားတိုက်ဆေး ၁ ဗူး၊ သွားတိုက်တံ ၁ ချောင်း၊ ဆပ်ပြာခဲ ၁ ခဲ ၊ ရေပုံး ၁ ပုံး စီ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။
“ ကျနော်တို့အညာပစ်တိုင်းထောင်လေးများအနေနဲ့ မီးလောင်ပြင်က ပြည်သူတွေအတွက် အတတ်နိုင်ဆုံးကူညီထောက်ပံပေးနေပါတယ်ဗျ။ မိုးရာသီလည်းရောက်ပြီမို့ မီးလောင်ပြင်က ပြည်သူတွေမှာ လိုအပ်ချက်များစွာ ရှိနေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ နေ့တွင် အဖွဲ့ဝင် ၈ ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မီးရှိ့ခံရသည့် ကျေးရွာများမှ အိမ်ထောင်စု ၁,၃၄၂ အိမ်အား ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သလို နောက်ထပ်စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံပေးနိုင်ရန်အတွက်လည်း ပြင်ဆင်နေကြောင်း သိရှိရသည်။
“ လှူဒါန်းခဲ့တဲ့ ကျေးရွာပေါင်းကတော့ ၄၀ နီးပါးလောက်တော့ရှိပြီ။ ငွေပမာဏက ကျပ်သိန်း ၆၀၀ နီးပါးရှိပါပြီ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ဆက်ပြောသည်။
ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တွေအပါအဝင် အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများနှင့် နေအိမ်မီးရှို့ခံလိုက်ရသည့် မီးဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ အလှူငွေများရှာဖွေပေးပြီး ယခုကဲ့သို့ ပြန်လည်ထောက်ပံ့ကူညီပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်းတွင် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၄,၇၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar ၏ စစ်တမ်းကောက်ယူဖော်ပြထားချက်အရ သိရှိရသည်။