ထိုင်း-မြန်မာချစ်ကြည်ရေး(မြဝတီ-မဲဆောက်)အမှတ် ၁ တံတားတွင် ကိုဗစ်စစ်ဆေးမှုများ ပိုတင်းကြပ်လာသဖြင့် ခရီးသည်များ အချိန်ကြာမြင့်စွာ စီတန်းစောင့်ဆိုင်းနေရကြောင်း ယနေ့မဲဆောက်သို့ ဖြတ်သန်းသွားလာသည့် ပြည်သူတစ်ဦးထံမှ သိရသည်။
ထိုင်း-မြန်မာချစ်ကြည်ရေး(မြဝတီ-မဲဆောက်)အမှတ် ၁ တံတားတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန့် လျော့ချကာကွယ်နိုင်ရေးအတွက် ကိုဗစ် ဆေးလက်မှတ်များအား ကျန်းမာရေးတာဝန်ရှိသူများ ကိုယ်တိုင်စစ်ဆေးကာ နှာခေါင်းစည်း(Mask)မတက်သူများအား ဒဏ်ကြေးပေးဆောင်ခိုင်းကြောင်း ယနေ့ မဲဆောက်သို့ ဖြတ်သန်းသွားလာသည့် ပြည်သူတစ်ဦးက ယခုလို ပြောသည်။
“ ဒီနေ့ လူအယောက်တစ်ရာကျော် တန်းစီနေရတာ။ ကိုဗစ်လက်မှတ်က အရင်ကဆို သုံးကြိမ်ထိုးထားကြောင်း ထုတ်ပေးထားတဲ့ ဆေးစာပြလိုက်ရုံနဲ့ရတယ်။ အခုက အရင်တုန်းက နှစ်ကြိမ်ထိုးထားကြောင်းပါတဲ့ လက်မှတ်စာအုပ်ပါ ပြရတာ။ နပ့်စ်မတွေကိုယ်တိုင်စစ်တာ။ အရင်က မစစ်ဘူး။ နှာခေါင်းစည်း(Mask) မတက်ရင်လည်း ကျပ် ၅၀၀ ပေးရတယ်” ဟု ၎င်းက ပြောသည်။
ယခုလို ကိုဗစ်စစ်ဆေးမှုများ တင်းကြပ်လာသည့် အပေါ် မြဝတီ-မဲဆောက်တံတားအနီးတွင် နေထိုင်သည့် သူတစ်ဦးအား MPA မှမေးမြန်းရာ ယနေ့နံနက်မှ စတင်၍ ကိုဗစ်စစ်ဆေးမှုများအား မြန်မာဘက်ခြမ်းမှ တင်းကြပ်စွာ စစ်ဆေးလာခြင်းဖြစ်ကြောင်း ပြောသည်။
“ ဒီနေ့မှ စစစ်တာ။ ကိုဗစ်ရောဂါတွေဖြစ်နေတယ်ဆိုလို့ မြန်မာဘက်ကို ထိုင်းကနေ တောင်းဆိုထားတာလို့ ပြောတယ်။ အခုနပ့်စ်မတွေပါ လာထိုင်ပြီး ကိုဗစ်လက်မှတ်ကို သေချာစစ်တာပေါ့။ အရင်ကဆို ကိုဗစ်လက်မှတ်မပါလဲ သုံးသောင်းပေးပြီး သွားလို့ရတယ်။ စာရေးနဲ့ ပွဲစားပေါင်းစားတာပေါ့။ မနေ့ကလဲ ပတ်စ်ပို့နဲ့ လာတဲ့သူတွေကို လဝက အခန်းထဲထည့်ပြီး စစ်တယ်” ဟု မြဝတီ-မဲဆောက်တံတားအနီးတွင် နေထိုင်သည့် သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ရက်နေ့ မနက် ၉နာရီခန့်က စတင်ပြီး တရားဝင် နိုင်ငံကူးလက်မှတ်(Passports)များဖြင့် မြန်မာနိုင်ငံဘက်မှ မဲဆောက်မြို့ဘက်သို့ ဖြတ်သန်းသွားလာမည့်သူများကို မြန်မာဘက်ခြမ်းရှိ တံတားတာဝန်ရှိသူများက အချိန်ကြာမြင့်စွာ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။