ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့တွင်ဖြစ်ပွားလျက်ရှိသည့် စစ်ကောင်စီတပ်နှင့် ဒေသခံအခြေစိုက်တပ်ဖွဲ့တို့၏ တိုက်ပွဲမှာ ၅ရက်ကြာသည်အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ဇွန်လ ၄ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲသည် ယနေ့(ဇွန် ၈ရက်)အထိ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိကြောင်း မိုးဗြဲမြို့ခံတစ်ဦးက ပြောသည်။
“ ဒီနေ့အထိဖြစ်နေတုန်းပဲ။မြို့က ပျက်သလောက်နီးပါးပဲ။အန္တရာယ်အရှိဆုံးကတော့ ခမရ ၄၂၂တပ်စွဲထားတဲ့စစ်တပ်ရှိတဲ့ ဆည်ပဲ။ဆည်က အက်နေပြီ။PDFတွေရော စစ်သားတွေရောကျတယ်။မြို့ထဲလည်း လက်နက်ကြီးကျလို့ သေတဲ့သူတွေရှိတယ်။မနေ့ကဆို စစ်တပ်က မိုးဗြဲအဝင်မှာတွေ့သမျှလူကို ပစ်သတ်နေတာ။နှစ်ယောက်သေသွားတယ်။အလောင်းတောင်ပြန်မရဘူး။မိုးဗြဲတိုက်ပွဲက ပြင်းလား၊မပြင်းလားဆို လူသေအနံ့ပြောရမလားမသိ။စိမ်းရွှင်ရွှင်ပုတ်အဲ့အဲ့ကြီးတွေပါ နံနေတာ “ ဟု ၎င်းက ပြောသည်။
မိုးဗြဲမြို့တွင်းတိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့သို့ လည်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိကြောင်း မိုးဗြဲ PDF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ တိုက်ပွဲမီးက ဖယ်ခုံအထိကူးနေပြီ။အခုထိတော့ မိုးဗြဲရော၊ဖယ်ခုံဘက်ရော လေကြောင်းနဲ့ လာမပစ်ဘူး။မိုးဗြဲမှာ ညနှစ်နာရီစဖြစ်တယ်။ဖယ်ခုံ၊ရွှေပြည်အေးနဲ့ ဘန်းမောက်မှာက ဒီနေ့ ညနေ ၄နာရီ ၁၃မိနစ်လောက်ကမှ စတာ။လက်နက်ကြီးကတော့ ရှယ်ထုနေတယ်။မြေပြင်အခြေအနေသေချာသိရမှ အကျအဆုံးပြောလို့ရမှာ။ဘန်းမောက်က ဖယ်ခုံအထွက် ရွှေပြည်အေးအကျော် နောင်ဝိုးမရောက်ခင်ကနေရာပေါ့” ဟု ၎င်းကပြောသည်။
မေလ ၂၇ရက်နေ့မှ ဇွန်လ ၆ရက်နေ့အထိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ဦးထက်မနည်းသေဆုံးခဲ့ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။
မိုးဗြဲမြို့အဝင်တွင် ခမရ (၄၂၂) မိုးဗြဲဆည် အစောင့်တပ်စစ်သားများ အင်အားရာချီရှိနေသဖြင့် ပြည်သူများနှင့် စစ်ဘေးရှောင်များ သတိထားသွားလာရန်မိုးဗြဲPDFက သတိပေးထားသည်။