ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေးအနီးတွင် ယမန်နေ့ ဇွန်လ ၇ ရက်နေ့ ည ၁၁ နာရီခန့်အချိန်က အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ယာဉ်တစီးမှ တိုက်မိကာ မောင်းပြေးသွားပြီး အတိုက်ခံရသည့် ကလေးငယ်မှာ ယနေ့တွင် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၀:၄၅ အချိန်ခန့်က အသက် ၉ နှစ်အရွယ် ကလေးငယ်သည် အောင်ဆန်းဈေးအနီးရှိ အမှိုက်ပုံနားတွင် ပလုံကောက်နေစဉ် light truck(စုံစမ်းနေဆဲ) အမျိုးအစားကားသည် အရှိန်ဖြင့်ဝင်တိုက်မိပြီး မောင်းပြေးသွားကြောင်း စုံစမ်းသိရှိရသည်။
ယင်းကလေးငယ်သည် အဆိုပါအတိုက်ခံရသည့်အရှိန်ကြောင့် ညာဘက်နှဖူးကွဲကာ ညာဘက်ဦးခေါင်းနောက်စေ့ကွဲ၍ ညာဘက်မျက်နှာတစ်ခြမ်းပိန်ချိုင့်ခြင်းနှင့် ညာဘက်ဒူးခေါင်း စုတ်ပြဲဒဏ်ရာရရှိ၍ (စိုးရိမ်ရ) သည့်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
“ ကျနော်တို့သတင်းရတော့ ၁၀:၃၀၊ ဟိုရောက်တော့ ၁၀:၄၅ ဖြစ်နေပြီ၊ ကလေးက ပလုံကောက်တဲ့ကလေး ထင်တယ်၊ အတိုက်ခံရတာတော့ ဈေးရှေ့က အမှိုက်ပုံနားမှာ တိုက်ခံရတာ၊ ကားကတိုက်ပြီး မောင်းပြေးသွား တယ်၊ ကလေးက အတိုက်ခံပြီးတော့ လုံးဝအခြေအနေမကောင်းဘူး အနီရောင်အဆင့်သတ်မှတ်ထားတယ်” ဟု အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆက်လက်၍ တာဝန်ရှိသူမှ ” အကိုတို့ အင်းစိန်ဆေးရုံပို့တော့ အနီရောင်အဆင့်သတ်မှတ်ပြီး ရန်ကုန်ဆေးရုံကြီးကိုလွှဲစာနဲ့ပို့လိုက်တယ်၊ ဆရာဝန်တွေကလဲ ၇၀/၃၀ ပြောတယ်၊ ဒီနေ့မနက်ကျ ကလေးကဦးနှောက်ထဲသွေးရောက်ပြီး အဖက်မတင်ဘူးလို့ သတင်းရတယ်” ဟု ပြောပြသည်။
လက်ရှိတွင် တာဝန်ရှိသူများမှ တိုက်၍ မောင်းပြေးသွားသော ကားနှင့် ယာဉ်မောင်းအား စုံစမ်းလျက်ရှိပြီး ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။