အသင်းဟောင်း ဘာစီလိုနာအသင်းအပြင် ဆော်ဒီအာရေးဗျကလပ် Al-Hilal အသင်းတို့နှင့် နာမည်ထွက်နေသည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် လက်ရှိတွင် ဒေဗစ်ဘက်ခမ်းပိုင်ဆိုင်သည့် အင်တာမီယာမီအသင်းထံ ပြောင်းရွှေ့ ကစားသွားမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။
လက်ရှိတွင် မက်ဆီအနေဖြင့် အင်တာမီယာမီအသင်းနှင့် နှုတ်အားဖြင့် သဘောညီမှုရရှိသွားပြီဟု နာမည်ကြီး အားကစားသတင်းဌာနများက ရေးသားဖော်ပြနေပြီဖြစ်သည်။
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအနေဖြင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအနေနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်တွင် ၎င်း၏ အနာဂတ်အသင်းအတွက် နာမည်ထွက်နေခဲ့သည့် အသင်းများကို ငြင်းဆန်ပြီး ဥရောပပြင်ပ အမေရိကန် မေဂျာလိဂ်ကလပ်အသင်းကို ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်ဟု သတင်းများက ဖော်ပြထားသည်။
အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်သည့် မက်ဆီအနေဖြင့် ကစားသမားသက်တမ်းတစ်လျှောက် ဘလွန်းဒီအော့ဖ် (ရွှေဘောလုံး) ဆုကို ၇ ကြိမ် ဆွတ်ခူးထားပြီး ကမ္ဘာ့ဖလားကိုလည်း ပြီးခဲ့သည့်နှစ်တွင် ပူပူနွေးနွေး ရရှိထားသည့် ကစားသမားလည်း ဖြစ်သည်။
ကနဦး မက်ဆီနှင့် ပတ်သက်သည့် သတင်းများ၏ ဖော်ပြချက်တွင် မက်ဆီအနေဖြင့် ဥရောပတွင် နောက်ထပ် တစ်နှစ်ခန့် ဆက်လက်ဖြတ်သန်းလိုသော်လည်း ကျေနပ်သည့် ကမ်းလှမ်းမှုမျိုး မရရှိခဲ့၍ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းလည်း ဖြစ်သည်ဟု သိရှိရသည်။
မက်ဆီသည် ပီအက်စ်ဂျီအသင်းနှင့် ၂ ရာသီဖြစ်သန်းခဲ့ပြီး လီဂူး (၁) တွင် ၂ ရာသီ ချန်ပီယံနှင့် French Super Cup ဖလားတို့ကို ရရှိခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှု မရရှိခဲ့ပေ။