NUG က ရန်ကုန်တိုင်းစစ်ဒေသခွဲ ဌာနချုပ်ဖွဲ့စည်း လေ့ကျင့်နေကြောင်း ကြေညာပြီးနောက် ရန်ကုန်မြို့မှာ စစ်ကောင်စီဘက်က ဇွန်လဆန်းက စတင်ကာ ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေး လုပ်ဆောင်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။
ရန်ကုန်မြို့ထဲတွင် ယခုရက်ပိုင်း ဆန္ဒပြမှုများ ပြန်လည် စိပ်လာခြင်း၊ ပေါက်ကွဲမှု အခြေအနေများ ပြန်လည်များလာခြင်း၊ မဘသ အားပေးသည့် စစ်ကောင်စီထောက်ခံသည့် ဦးဆောင်သူတစ်ချို့ ပစ်ခတ်ခံရခြင်း၊ NUG မှ ရန်ကုန်တိုင်းစစ်ဒေသခွဲ ဌာနချုပ် ဖွဲ့စည်းခဲ့ကာ လေ့ကျင့်မှုများ လုပ်ဆောင်လာခြင်း စသည့် အချက်များကြောင့် ယခုရက်ပိုင်းတွင် ရန်ကုန်မြို့တွင်း စစ်ဆေးမှု၊ ဖမ်းဆီးမှု အခြေအနေများမှာ ပိုပြီး ဆိုးလာကြောင်း မြို့ပြနေ ပြည်သူများထံမှ စုံစမ်းသိရသည်။
“ ကျွန်မဆို မနက်အစောကြီး ဈေးကြိုသွားရတာ မနက်၃နာရီလောက်ထသွားရတာ ဈေးထဲက သူတွေစုပြီးသွားတာ ဆိုတော့ ယောင်္ကျားလေးဆိုလို့ ကားမောင်းတဲ့ သူတယောက်ဘဲ ပါတယ်။ ဒါတောင်လမ်းမှာ စစ်လားဆေးလားနဲ့ ၁နာရီလောက် ခရီးက ၃နာရီလောက်ကြာတော့ ဈေးခင်းချိန်ကနောက်ကျ လိုခြင်တာတွေက မရနဲ့ ဖောက်သည်တွေကပျက်နဲ့ အရောင်းအဝယ်ကျလာတယ်” ဟု ပတ္တမြားဈေးမှ ငါးရောင်းသူ အမျိုးသမီးက ဆိုသည်။
ရပ်ကွက်များတွင် PDF များကို လက်မခံရန်၊ အိမ်မငှားရန်၊ မသင်္ကာစရာတွေ့လျင် အကြောင်းကြားရန် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာမြို့နယ်၊မှော်ဘီမြို့နယ်၊မဂ်လာဒုံမြို့နယ်နှင့် ဗဟန်းမြို့နယ်များတွင် သတိပေးလိုက်အော်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရပ်ကွက်အလိုက် သတိပေးပြောကြားမှုများ ယခင်က လုပ်ဆောင်ခဲ့သော်လည်း ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီး ယခု ရက်ပိုင်းမှ ထပ်မံ ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အစီအစဉ်နှင့် ညအစောပိုင်းများတွင် လိုက်အော်နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ လော်စပီကာနဲ့ အော်တာ သူများရပ်ကွက်တွေတော့ မသိဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲတော့ နှစ်ညရှိပြီ ညပိုင်းမှာ အော်တာ ည၉နာရီလောက်ဆို ခွေးဘီလူးလို ကားမျိုးမှာ လော်စပီကာတင်ပြီးအော်တာ အဲ့နောက်မှာ စစ်ကားနှစ်စီး လက်နက်နဲ့ လူအင်အားအပြည့်ပါတယ်” ဟု လှော်ကားရပ်ကွက်နေ ကိုယ်တိုင်ကြားခဲ့သည့် အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ယခုလို စစ်ဆေးမှုများကြောင့် ရန်ကုန်မြို့တွင်း အဆောင် အငှားဖွင့်ထားသူများအဖို့ အခက်အခဲ တွေ့နေရကြောင်း အဆောင်အငှားဖွင့်သူတစ်ချို့က ယခုလို ရင်ဖွင့်ပြောဆိုသည်။
“ကျွန်တော်တို့က PDF ဟုတ်တယ် မဟုတ်ဘူး ဘယ်လိုသိမလဲ/ အိမ်မငှားဖို့ ငှားမိရင်လည်း အကြမ်းဖက် ဥပဒေအရ ချိတ်ပိတ်အရေးယူမယ်ဆိုတော့ ကျွန်တို့လို အဆောင်လိုင်းခန်းငှားတဲ့သူကျ အဆင်မပြေဘူးလေ ကျွန်တော်မိသားစုက အဆောင်ငှားခရတဲ့ ပိုက်ဆံလေးနဲ့ဘဲ ရှေ့ဆက်နေရတာ အဆောင်က အပေါ်အောက် စုစုပေါင်း ၁၀ ခန်းရှိတာ ၇ခန်းဘဲ ငှားရတယ်။ ၃ခန်းကလွတ်နေတာ အဆောင်ကလူတွေအတွက် တစ်ပတ်တစ်ခါ ဧည့်စာရင်းတိုင်ပေးရတယ်။ မှတ်ပုံတင်က ၈မျဉ်းစောင်းတို့ ၉မျဉ်းစောင်းတို့ပါရင် ရစ်ကော အဲ့ဒီအခါကျ ကျွန်တော်က တာဝန်ယူပါတယ်။ သူတို့ကရောက်တာကြာပါပီ စက်ရုံဆင်းတဲ့ သူတွေပါ လို့ မနည်းပြောယူရ။ ပိုက်ဆံပိုပေးရတာတွေရှိတယ်” ဟု ရွှေပြည်သာရှိ အဆောင်ငှားစားသူ ဦးတင်ကိုဆိုသူ အမျိုးသားက ပြောပါသည်။
ယခု ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်း လုံခြုံရေး အခြေအနေများက အရင်ထက်ပိုပြီးတင်းကျပ်လာကာ မသင်္ကာစရာအဖြစ် ဖမ်းဆီးစစ်ဆေးခံရသူများမှာ ငွေကြေးတတ်နိုင်သူဆိုလျှင် ငွေညစ်တောင်းခံရပြီး ငွေပေး ဖြေရှင်းမှသာ ပြန်လည်လွတ်ပေးသည့် အခြေအနေများလည်း ပိုပြီး ကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။