စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်းသို့ စစ်ကောင်စီမှ ဇွန်လ ၆ ရက်နေ့တွင် စစ်ကြောင်းထိုးခဲ့ပြီး ဇင်းကလင်းရွာတွင် ဘန်ကာများဆောက်ကာ အထိုင်ချထားသဖြင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
“ဇင်းကလင်းမှာ အထိုင်ချပြီးတော့ ဘေးပတ်လည်ကို ခြေနင်းမိုင်းတွေချထားတယ်။ စစ်ရေးအခြေအနေကတော့ နှစ်ဘက်စလုံး တင်းမာနေတာပဲ။ မထင်ရင်မထင်သလို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်။ ထိုမာရွာထဲလည်း ကျတယ်။ လူတွေ ထိခိုက်တာတော့ မရှိသေးဘူး”ဟု ကလေးမြို့တောင်ပိုင်းဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထိုသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုး၍ လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ကလေးမြို့တောင်ပိုင်းရှိ ဇင်းကလင်း၊ ချင်းဆိုင်၊ ထိုမာ၊ ပေါက်ခုံနှင့် ရေလဲဦးကျေးရွာများမှ ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
“မြို့ထဲမှာလည်း ဒီကောင်တွေ ဟိုပတ်လိုက် ဒီပတ်လိုက်ပဲ။ မူးရူးနေကြတာ ထင်တယ်။ စစ်ကားတွေ ပတ်နေတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ကလေးမြို့ စစ်ကောင်စီ၏ ၂၂၈ အမြောက်တပ်နှင့် ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) တို့မှ လက်နက်ကြီးများသည် ကလေးမြို့တောင်ပိုင်း၊ မြောက်ပိုင်းနှင့် တာဟန်းရပ်ကွက်များအတွင်းသို့ ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများပြုလုပ်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။