မန္တလေးတိုင်း၊ မလှိုင် နှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ စစ်သား၈ဦးသေဆုံးသွားကြောင်း သိရသည်။
ဇွန်လ ၆ရက်၊ မွန်းလွဲ ၁နာရီ ဝန်းကျင်က မလှိုင်မြို့နယ် ၊သရက်ကောင်းပင် ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ကြဲချခဲ့ရာ ထမင်းစားအဆောင်ထဲ ကျ ရောက်ခဲ့ပြီး စစ်သား၅ဦးပွဲချင်းပြီးသေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူထံက သိရကြောင်း Natogyi People Defence Force( မြင်ခြံခရိုင် အမှတ်- ၄ တပ်ရင်း)ကထုတ်ပြန်သည်။
“ကျနော်တို့ ဘက်စုံကနေ သိရတဲ့သတင်းအချက်အလက်တွေအရ ဗုံးသီးက ထမင်းစားဆောင်ထဲ တည့်တည့်ကျရောက်တယ်ဆိုတာ ကွန်ဖန်းဖြစ်ပါတယ်”ဟု မြင်းခြံခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရုပ်သံမှတ်တမ်းအရ ဗုံးသီးကျရောက်ပေါက်ကွဲပြီးနောက် အဆောက်အအုံထဲမှ လူများထွက်ပြေးလာ ကြသည်ကို တွေ့ရသည်။
ဆက်လက်ပြီး ဇွန်လ၆ရက်၊ညနေ၄နာရီခန့်ကလည်း နွားထိုးကြီး- မလှိုင်လမ်းမပေါ်၊နွားထိုးကြီးမြို့ နယ်၊ ဆူးရစ်ကုန်းရွာတောင်ဘက်ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်၂ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ၃ဦး သေဆုံးပြီးဒဏ်ရာရသူလည်းများကြောင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force (မြင်ခြံခရိုင် အမှတ်- ၄ တပ်ရင်း) နှင့် Myingyan District Drone Strike Team အဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများသေဆုံး၊ဒဏ်ရာရရှိမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။