မကွေးတိုင်း၊ ပေါက်မြို့နယ်၊တက်မတောင်ကြောပေါ်တွင် ကောက်ပဲသီးနှံများတင်ဆောင်လာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၃ဦးသေဆုံးကြောင်း သိရသည်။
ပေါက်မြို့နယ်မှ ပခုက္ကူမြို့သို့ ထွက်ခွာလာသည့် ကားအစီး၃၀ ကျော်ပါယာဉ်တန်းကို ပခုက္ကူ-မင်းတပ် ကားလမ်းတစ်နေရာ တွင် ဇွန်လ၅ရက်နေ့၊နံနက်၁၁နာရီခန့်က မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-WPF အဖွဲ့တာဝန်ခံ ကိုတေဇကပြောသည်။
“ စုစုပေါင်း အစီး (၃၀)ဗျ။ ပျူရွာထွက် သီးနှံ ပဲနဲ့ ကြက် သွန်တွေတင်လာတာ။ စစ်ကောင်စီတပ်သားတွေ ပါတဲ့ကားတွေရောပါတယ်ဗျ။ ကျွန်တော်တို့ဆွဲတာက အဲ့ဒီ ၃၀ ထဲက ၅စီးတန်း တဖြတ်ကိုပါ။ “ ဟု ၎င်းကပြောသည်။
ယင်းစစ်ယာဉ်တန်းကို ပေပါမိုင်း (၃)လုံးနှင့် ၅ဂါလံပုံး မိုင်း ၈လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခံရသော ကားများမှာ ပခုက္ကူမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
“ စစ်ကောင်စီတပ်သား ၃ယောက် သေပြီး တစ်ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ကားတစ်စီးမှာ ကားတာယာနှင့် ရှေ့လေကာမှန်များ ကျွတ်ထွက်သွားတယ်။ အဲ့ကားကလည်း ဖြည်းဖြည်းချင်း ဆက်မောင်းသွားတယ်။ ပြန်လည်တုံ့ပြန်မှုမရှိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ပေါက်မြို့နယ်ဒေသခံ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်ကြောင်း WPF ကထုတ်ပြန်ထားသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရရှိမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။