မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ထယ်လှော်ရွာသည် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ အကြိမ်ကြိမ် စစ်ကြောင်းထိုးကာ ငါးကြိမ်ထပ် မနည်း နေအိမ်များကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူများမှာ တောထဲတွင်သာ နေထိုင်နေရဆဲ ဖြစ်ကာ မိုးတွင်းကာလဖြတ်သန်းရန် အမိုးအကာများ လုံလောက်မှု မရှိသေးကြောင်း စုံစမ်းသိရသည်။
တောထဲတွင် နေထိုင်သူအများစုသည် အင်ဖက်မိုး၊ ကပ်ကာ ဖြစ်သာ နေထိုင်နေရပြီး မိုးတွင်းကာလတွင် လုံလောက်သည့် အကာအကွယ်များ မပြင်ဆင်နိုင်သေးသည့်အတွက် စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။
“အင်ဖက်နဲ့ မိုးပြီး ဝါးကပ်နဲ့ ကာထားရတာဆိုတော့ ဖက်တွေက ပေါက်ပြီး မိုးက မလုံတော့ဘူး၊ လေတွေ အရမ်းတိုက်ပြီး မိုးသည်းတဲ့ညတွေဆို ရေမစိုတဲ့ နေရာမှာ ထိုင်ပြီး နေရတယ်” ဟု ထယ်လှော်ရွာခံတစ်ဦးက ဆိုသည်။
အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံများသည် နေထိုင်ခဲ့ရာ ထယ်လှော်ရွာကို ထားခဲ့ကာ လူအသွားအလာ နည်းသည့် တောတွင်းနေရာများတွင်သာ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ စစ်သားတွေက စစ်ကြောင်း ခနခနထိုးတယ် တွေ့ရင်လည်း သတ်မှာမလို့ စစ်သားတွေကို ကြောက်ပြီး တောထဲမှာနေရတတာ” ဟု ထယ်လှော်ရွာခံ တစ်ဦးက ဆိုသည်။
တောထဲမှာ နေထိုင်ရသည့် အချိန်ကြာလာသည်နှင့်အမျှ စားရေးသောက်ရေးမှာလည်း ဖြစ်သလို စားသောက်နေရပြီး၊ လက်ရှိ မိုးရာသီတွင် အမိုးအကာမှာ လုံလုံလောက်လောက် မရှိခြင်းကြောင့်လည်း အခက်အခဲများ ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
စားရေးသောက်ရေးအတွက် အများစုက တောင်သူလုပ်ကိုင်ကြပြီး လက်လုပ်လက်စား လုပ်ကိုင်စားသောက်နေကြသောသူများရှိကြောင်း စုံစမ်း သိရသည်။
“ နှမ်းပေါင်းထိုး အငှားလိုက်ရတယ်၊ တစ်မနက်ကို ၃၀၀၀ ရတယ် အဲတာလေးတွေနဲ့ ဆန်ဝယ်ပြီးစားရတာ ဆန်ဈေးကလဲ ကြီး ဆိုတော့ အစားအသောက်တွေကို တတ်နိုင်သမျှ ချွေတာပြီး စားရတာ” ဟု လက်လုပ် လက်စားလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
ထယ်လှော်ရွာသည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ကာ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ထပ်မံ မီးရှှို့ခံခဲ့ရကာ၊ သြဂုတ်လ ၂၇ ရက်နေ့တွင် တတိယအကြိမ်၊ အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့အထိ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာ တစ်ရွာလဲ ဖြစ်သည်။
ထယ်လှော်ရွာသည် ဂန့်ဂေါမြို့မြောက်ဘက် ၁၆မိုင်အကွာတွင်တည်ရှိပြီး အိမ်ခြေ ၂၉၈အိမ်၊လူဦးရေ ၁၂၀၀ ကျော် ရှိသော ရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။ ထယ်လှော်ရွာကို အကြိမ်ကြိမ် ဝင်ရောက်ပြီး ၅ကြိမ် မီးရှို့ခဲ့ပြီးနောက် နေအိမ် ၄၇လုံး နှင့် နွားစာတိုက် ၂ လုံး မီးရှို့ခံခဲ့ရကြောင်း သိရသည်။