မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ထီးလင်းမြို့ပေါ်တွင် စားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှု အခြေအနေမှာ တနေ့ထပ် တနေ့ ပိုမိုဆိုးဝါးလာသည့်အတွက် မြို့ပေါ်နေ ပြည်သူများ နေရပ်စွန့်ခွာသူ များလာကြောင်း စုံစမ်းသိရသည်။
ဇွန်လ ၆ ရက်နေ့ ယနေ့ စုံစမ်းချက်များအရ ထီးလင်းမြို့ပေါ်တွင် ဆန် ၁တင်းလျှင် ၁သိန်း ၂သောင်းကျပ်၊ ဆီ ၁ ပိသာလျှင် ၄သောင်းကျပ်၊ ကြက်ဥ ၁လုံးလျှင် ၁ထောင်ကျပ်၊ ငပိ (၂၅) ကျပ်သားလျှင် ၅ထောင်ကျပ် ဖြစ်နေကြောင်း သိရသည်။
“ ထီးလင်းမြို့ပေါ်က လူတွေက စားဝတ်နေရေး အဆင်ပြေဖို့ တစ်ခြား မြို့တွေကိုလည်း သွားကြတယ်၊ ပြီးရင် တစ်ချို့ကတော့ ဆွေမျိုးသားချင်းများရှိရာ ကျေးရွာတွေကို အဝတ်တစ်စုံ ၊ကိုယ်တစ်ခုနဲ့ ထွက်ပြေးခိုလှုံနေကြပြီ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ထီးလင်းမြို့တွင် ငွေကြေးရှိလျှင်တောင်မှ စားသောက်ကုန်ဝယ်ယူရန် ခက်ခဲနေပြီ ဖြစ်ကြောင်း ဝယ်ယူမည့် နေရာ မရှိသည့် အခြေအနေအထိပါ ဖြစ်ပေါ်နေကြောင်း သိရသည်။
အခုဆို ထီးလင်းမြို့မှာ ဝယ်သူရှိပြီး ရောင်းသူမရှိတဲ့အတွက် မြို့ပေါ်နေသူအချို့ဆို အဟာရဓာတ် ချို့တဲ့နေပြီလို့တောင် ကြားတယ် ဟု နီးစပ်သည့် ဒေသခံတစ်ဦးမှ ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ပထမဆန်းမှ စတင်ကာ ထီးလင်းမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ထီးလင်းမြို့ အနီးဝန်းကျင်တွင် ထီလင်း-pdf၊ ဒေသတွင်း ကပဖ၊ ပအဖ အဖွဲ့များမှ နယ်မြေစိုးမိုးမှု ပိုမိုရရှိလာခဲ့ကာ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှာ နယ်ဂိတ်များတွင် ဝင်ကြေးကောက်ခံမှုများ ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။
ထီးလင်းမြို့ပေါ်နေသူ အများစုမှာ စစ်ကောင်စီတပ် ထောက်ခံမှု များသည့်အတွက် ထီးလင်းမြို့ အနီးဝန်းကျင်တွင် စားသောက်ကုန်စည်များ သယ်ယူရောင်းဝယ်ခွင့်မပြုရဲသလို ထီးလင်းနယ်မြေခံတပ်များ၏ စစ်ဆေးမှုများကြောင့် ရောင်းဝယ်ရေးလုပ်ငန်းများလည်း လုပ်ကိုင်ရန် ပိုပြီး ခက်ခဲလာခြင်းကြောင်း ထီးလင်းမြို့နေ ပြည်သူများမှာ စားဝတ်နေရေး ပိုပြီး ခက်ခဲလာခြင်း ဖြစ်သည်။