အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ ဘဏ္ဍာခွဲဝေရေးနှင့် လစဥ်အစည်းအဝေးကို ယနေ့ဇွန်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါအစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ရေး၊ သစ်တောရေး၊ လူသားစာနာတာဝန်ခံနှင့် အခွန်တော်အရာရှိ စသည့် သက်ဆိုင်ရာတာဝန်ခံအသီးသီးတို့မှ ပုလဲမြို့နယ်အတွင်း လုပ်ဆောင်နေမှုများ၊ လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ထိုနောက် ပုလဲမြို့နယ်အတွင်း ဂိတ် ၉ ဂိတ်မှ မေလအတွင်းရရှိသည့် နှစ်ရာ့သုံးဆယ့်သုံးသိန်းရှစ်ထောင်ကျပ် (၂၃၃၀၈၀၀၀) အား NUG အစိုးရ၊ စီမံဘဏ္ဍာခွန်ဝန်ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဥ်အတွက် ၃၀ ရာခိုင်နှုန်း၊ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဥ်အတွက် ၃၀ ရာခိုင်နှုန်းနှင့် အရေးပေါ်နှင့် သဘာဝပတ်ဝန်းကျင်အတွက် ၁၀ ရာခိုင်နှုန်း အသီးသီးခွဲဝေပေးအပ်ခဲ့သည်ဟု သိရသည်။
“ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဘာတွေအောင်မြင်ခဲ့လဲဆို ရတဲ့ဘတ်ဂျက်နဲ့ကတော့ ပညာရေးရော၊ ကျန်းမာရေးရော၊ ပကဖအတွက်ရော၊ ဖွံ့ဖြိုးရေးလမ်းတံတားအတွက်ရော ရတာလေးမျှသုံးရတာပေါ့ဗျာ။ ကျန်တာတော့ထူးထူးထွေထွေမရှိပါဘူး”ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က MPA သို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် ရရှိသောအခွန်ငွေများကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ ပုလဲမြို့နယ်အခြေစိုက် PDF တပ်ရင်းများနှင့် တိုက်နယ်ပကဖများ မျက်နှာစုံညီခွဲတမ်းချအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။