မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို ရဲများက နေအိမ်၌လာရောက်ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များက ငွေကျပ် ၂၅သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ ဆင်ခွာကျေးရွာနေ မူးယစ်ဆေးသုံးစွဲ သူကို မေလ၅ရက်နေ့တွင် ရဲများက ၎င်း၏နေအိမ်၌လာရောက်ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပိုက်ဆံယူကာ ပြန်လွှတ်ပေးခဲ့ကြောင်း အမည်မဖော်လိုသူဒေသခံသတင်းရင်းမြစ်ထံကသိရသည်။
“ ဘိန်းစားတွေကိုဖမ်းတယ်၊ဖမ်းပြီးပိုက်ဆံယူ ပြန်လွှတ်နေတာ၊အများကြီးပဲ၊ရွာတွေထဲလည်း ဘိန်းစားတွေအများကြီး၊ဂျင်းသုပ်လက်ဖက်သုပ်ချကျွေးနေသလိုပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့တွင်စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် စိတ်ကြွဆေးပြား WY ကို တရားဝင်သဖွယ် ပေါ်ပေါ်ထင်ထင်ရောင်းဝယ်သုံးစွဲလာခဲ့ပြီး စစ်ကောင်စီတပ်က ထိရောက်စွာအရေးယူခြင်းမရှိကြောင်း ဒေသခံများကပြောသည်။
မိုးကုတ်မြို့ကျောက်မျက်လုပ်ငန်းတွင်းများထဲတွင်လည်း လူငယ်၊လူကြီး အကုန်နီးပါး စိတ်ကြွဆေးပြား WY သုံးစွဲ ကြကြောင်း သိရသည်။