ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇင်္ဂမလမ်းမကြီး၊ ထူပါရုံမှတ်တိုင်နှင့် အနော်မာမှတ်တိုင်ကြားတွင် ဇွန်လ ၅ ရက်နေ့ မနေ့က နေ့လည် ၃ နာရီခန့်က အသက်(၂၀)ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦး ပါးစပ်မှ အမြှုပ်များထွက်၍ သတိလစ်မေ့မျောမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါ အသက် ၂၀ အရွယ်အမျိုးသမီးသည် အိပ်ဆေးသောက်များသွားသည့်အတွက် ၎င်း၏အမျိုးသားဖြစ်သူမှ သိရှိ၍ ဆေးခန်းသို့ခေါ်သွားရာ ထူပါရုံနှင့် အနော်မာကြားမှတ်တိုင်တွင် သတိမေ့မြောသွားခြင်း ဖြစ်ကြောင်း သာကေတလူမှုကူညီရေးအသင်းက သိရှိရသည်။
” သူတို့ကလင်မယားနှစ်ယောက်ပေါ့ အမျိုးသားကကုမ္မဏီကားမောင်းတာ၊ သူပြန်လာတဲ့အချိန် ဆေးတွေဘာတွေသောက်တာကို အမျိုးသားကသိတာနဲ့ ဆေးခန်းခေါ်သွားတာပေါ့။ လမ်းမှာမေ့လဲတာ” ဟု အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။
သာကေတလူမှုကူညီရေးအသင်းမှ မေ့မျောလဲကျခဲ့သည့် အသက်(၂၀)ဝန်းကျင်ခန့် လူနာအမျိုးသမီးအား မြေပြင်ကုသပေးမှုများပေး၍ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း အသင်းက သိရသည်။