ဂျပန်နိုင်ငံ၏ ရထားလမ်းအဆင့်မြှင့်တင်သည့် စီမံကိန်းမှ အာဏာသိမ်းစစ်ကောင်စီအတွက် စစ်ရာဇဝတ်မှု ကျူးလွန်နိုင်စေရန်အတွက် အားပေးကူညီနိုင်ခဲ့ကြောင်း Justice For Myanmarမှ ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က Justice For Myanmarမှ ဂျပန်နိုင်ငံ၏ မြန်မာမီးရထားလမ်းစီမံကိန်းများသည် စစ်ကောင်စီအား စစ်ရာဇဝတ်မှုများ အားပေးကူညီနိုင်သည့် အန္တရာယ်ရှိကြောင်း ဖော်ထုတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ ပြန်လည်စိစစ်မှုများ လုပ်နေကြောင်းနှင့် ချေးငွေအသစ်များ ပေးအပ်မည်မဟုတ်ကြောင်း ဂျပန်နိုင်ငံ၏ သတင်းစာဖြစ်သော Asahi Shimbun တွင် ရေးသားဖော်ပြထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးကလည်း ဂျပန်နိုင်ငံမှ တရားဝင်ဖွံ့ဖြိုးရေးအကူအညီဖြစ်သည့် ODA အား ရပ်တန့်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအား နှစ် ၂၀ ခန့် နောက်ကျသွားစေကာ နလန်မထူနိုင်အောင် ကျဆုံးသွားနိုင်ကြောင်း MPA သို့ သုံးသပ်ပြောဆိုသည်။
ထို့အပြင် နိုင်ငံတကာ၏ အကူအညီများ ရပ်တန့်သွားကာ နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုများ လုံးဝရပ်တန့်နေသည့် အခြေအနေတွင် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ ODA ရပ်တန့်လိုက်ခြင်းသည် ပြည်သူလူထုအတွက် ပိုမိုနစ်နာရကြောင်းလည်း ဆိုသည်။
ဂျပန်အစိုးရအနေဖြင့် ရထားလမ်းစီမံကိန်းအတွက် အကူအညီများအား ၂၀၁၃ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်နောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် ရထားလမ်းအဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်သည့် ချေးငွေအား ထပ်မပေးအပ်တော့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း Asahi Shimbun သတင်းစာတွင် ဖော်ပြထားသည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ MPA မှ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။
“ပြည်သူလူထုရဲ့ နစ်နာမှုရဲ့ အကျိုးဆက် တရားခံက စစ်ကောင်စီပဲ။ စစ်ကောင်စီကို ဘယ်လူကောင်း သူကောင်း ကမ္ဘာ့ဘယ်နိုင်ငံကမှ အကူအညီပေးမှာ မဟုတ်ဘူးတဲ့အချက်က ဒီ ဂျပန်နိုင်ငံက သက်သေပြလိုက်တာပဲ။ တော်လှန်ရေးအောင်မြင်သွားလို့ တိုင်းပြည်က စနစ်သစ်နဲ့ ပြန်ထူထောင်တဲ့အခါ ဂျပန်ရဲ့ အကူအညီတွေက လိုလာမှာပဲ။ ပြန်ကြိုးစားရမှာပဲ။ အခုလို ရပ်တန့်လိုက်တာကိုတော့ ယာယီအားဖြင့် ကြိုဆိုပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုမြတ်ကျော်က MPA သို့ ပြောသည်။
ရန်ကုန်-မန္တလေး ရထားလမ်းကွန်ရက်အဆင့်မြှင့်တင်ခြင်းအား ၂၀၁၃ ခုနှစ်တွင် စစ်တမ်းကောက်ခဲ့ကာ ရထားလမ်းပြန်လည်မွမ်းမံခြင်း၊ အသစ်လဲခြင်း၊ အချက်ပေးစနစ်ပြန်လည်ပြင်ဆင်ခြင်း စသည့်တို့အား ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည်။
ဂျပန်နိုင်ငံမှ ရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနှင့် ညီမျှသည့် ဂျပန်ယန်း ၁၄၂.၂ ဘီလီယံအထိ ODA ချေးငွေ ထုတ်ပေးရန် ၂၀၁၀ ခုနှစ်တွင် သဘောတူညီခဲ့ကာ စီမံကိန်း စတင်သည့် ၂၀၁၃ ခုနှစ်မှ စတင်ကာ ကူညီခဲ့ပြီး သဘောတူညီမှုကာလသည် ၂၀၂၄ ခုနှစ်အထိ ဖြစ်သည်။
ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းသည် လက်ရှိတွင် ၂၅ ခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းကာလအတွင်း ဂျပန်ကုမ္ပဏီများဘက်မှ လမ်းခင်းပစ္စည်းများ ထောက်ပံ့ခြင်း၊ ကွန်ကရစ်လောင်းခြင်းနှင့် အခြားလိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ရထားလမ်းစီမံကိန်း၏ ပြင်ဆင်ပြီး အပိုင်းတချို့အား ဖျက်သိမ်းရန်အတွက် ဂျပန်အစိုးရမှ စစ်ကောင်စီထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။