ဂန့်ဂေါမြို့နှင့် မန္တလေးလမ်းပိုင်း တစ်နေရာတွင် PDF ဘက်မှ ဂိတ်သစ်ဖွင့်ကာ ဇွန်လ ၂ ရက်နေ့က စတင် ပိတ်ထားသည့် ကုန်ကားများ သွားလာခြင်းကို ယနေ့ ဇွန်လ ၅ရက် နေလယ်ပိုင်းမှာ ပြန်လည်သွားလာခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း ကုန်ကားနှင့် နီးစပ်ရာဒေသခံများထံမှ စုံစမ်းသိရသည်။
“ ကားလမ်းပိတ်တာက ၂ရက်ရှိပြီ။ ဒီနေ့ ကတော့ ၃ရက်မြောက်နေ့မှာတော့ ကားလမ်းတွေ ပြန်ဖွင့်ပြီ ကုန်ကားတွေလည်း ရောက်နေပြီ အခုက ကုန်ပစ္စည်းတွေ ချနေကြတယ် “ ဟု ကုန်သည်တစ်ဦးထံမှ သိရသည်။
ယင်းသို့ PDF ဂိတ်သစ်ဖွင့်ကာ လမ်းတနေရာကို ပိတ်လိုက်ကြောင်း သတင်းကြားသည်နှင့် ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်ဘက်ကလည်း ဂန့်ဂေါမြို့ဝင်မြို့ထွက် ဂိတ်များကို တင်းကျပ်စစ်ဆေးခဲ့ပြီး ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ပိတ်လိုက်သဖြင့် ပြည်သူများ အခက်အခဲ တွေ့ခဲ့ရကြောင်း စုံစမ်းသိရသည်။
ဂန့်ဂေါမြို့၏ မြို့ဝင် မြို့ထွက်ဂိတ်များတွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်များသည် ယနေ့တွင် တခြားကုန်ပစ္စည်းများကိုတော့ သယ်ဆောင်ခွင့် ပြုခဲ့ပြီ ဖြစ်သော်လည်း စားသောက်ကုန် ပစ္စည်းများကိုတော့ မြို့ပြင်သို့ လုံးဝသယ်ခွင့်မပြုသေးကြောင်း စုံစမ်းသိရသည်။
“ စားသောက်ကုန် ပစ္စည်းတွေက ဒီနေ့တော့ သယ်လို့မရသေးဘူး၊ တစ်ခြား ပစ္စည်းတွေတော့ သယ်လို့ရတယ်။ မနက်ဖြန်ခါမှ စားသောက်ကုန် ပစ္စည်းတွေ သယ်လို့ ရမရကို သိရမှာ” ဟု ကုန်ပစ္စည်း သယ်ယူသော ကားသမားတစ်ဦးက ဆိုသည်။
ဇွန်လ ၂ ရက်နေ့က ကုန်ကားများကို သွားလာခွင့် ပိတ်ခဲ့သည့်အခြေအနေကြောင့် ဂန့်ဂေါမြို့နယ်တွင်းရှိ ကုန်ပစ္စည်းအဝင်အထွက်အခြေအနေ ရပ်တန့်ခဲ့ရသည့်အတွက် ဂန့်ဂေါတာဝန်ရှိသူများအနေနှင့် ပြည်သူများ၏ အခက်အခဲများ အဆင်ပြေစေရန် ဂန့်ဂေါ၊ မန္တလေး လမ်းရှိ PDF ဂိတ်များနှင့်အစည်းအဝေးပြုလုပ်ကာ အမြန်ဆုံ ဖြေရှင်းဆောင်ရွက်ခဲ့ကြကြောင်းလည်း ဒေသခံတချို့ထံမှ သိရသည်။