စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာသို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူ တစ်ထောင်ကျော် ယာယီ စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။
“ တိုက်ပွဲတော့မဖြစ်ဖူးဗျ၊ မနေ့က ညအိပ်တယ် (စစ်ကောင်စီတပ်ဖွဲ့များ)၊ ဒီနေ့နံနက် ၇ နာရီကျော်မှာ စရွှေ့ပြီး ၁၀ နာရီက ဝမ်ပေါင် ကုမ္ပဏီထဲ ရောက်သွားတာပါဗျ။ လောလောဆယ် ဝမ်ပေါင်နားက ရွာတွေကတော့ ရှောင်ဖို့ပြင်နေပါတယ်ဗျ” ဟု စစ်ကောင်စီစစ်ကြောင်းနှင့် ပတ်သက်၍ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ဘေးရှောင်ကြရသော ညောင်ပင်ကြီးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ယမန်နေ့တွင် ထမင်းဗူး ၅၀၀ လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းမှာ အလှူရှင်တစ်ဦး၏ မွေးနေ့အလှူအဖြစ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ ကျနော်တို့အညာပစ်တိုင်းထောင်လေးများအနေနဲ့ စစ်ကြောင်းထိုးနေသည့်ကြားမှ ချက်ပြုက်ကာ ထမင်းဗူး ၅၀၀ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဒေသခံပြည်သူထောင်ချီ စစ်ဘေးရှောင်နေရပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာမြို့မှ ညောင်ပင်ကြီးကျေးရွာသို့ အင်အား ၁၀၀ ကျော်ဖြင့် ယမန်နေ့ (၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်) နံနက် ၉ နာရီအချိန်ခန့်၌ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ညောင်ပင်ကြီးကျေးရွာတွင် တစ်ညအိပ်တပ်စွဲခဲ့ကာ ယနေ့တွင် ညောင်ပင်ကြီးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ကျော်ရွာဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။