စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ စားအုန်းဆီ လက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ၃၇၉၀ ကျပ်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ကြေညာသော်လည်း ပြင်ပစျေးကွက်တွင် ၇,၀၀၀ ကျပ်၀န်းကျင်အထိ ပေးဝယ်နေရကြောင်း ပြည်သူများထံမှ သိရသည်။
“အန်တီ မနက်ကပဲ ဝယ်ခဲ့တာ တစ်ပိဿာကို ၆၇၀၀ ပေးရတယ်။ အဲ့ဒါ စားအုန်းဆီအစစ်မဟုတ်ဘူး။ ရောဆီပေါ့။ ရောဆီဆိုတာက စားအုန်းဆီကို ပဲလတ်ဆီတွေ တခြားဆုံဆီတွေနဲ့ ရောတာပေါ့။ အဲ့ဒါက စားအုန်းဆီထက် ဈေးနည်းနည်း သက်သာတယ်လေ။ ဒါတောင် ဈေးတွေက အရမ်းတက်လာတာ။ ပြီးခဲ့တဲ့ ၃/၄ လ လောက်ကတောင် တစ်ပိဿာကို ၂၆၀၀ ပဲ ရှိတယ်။ အခုက ဈေးတွေ တအားတက်တာပဲ”ဟု ရန်ကုန်မြို့မှ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ကြေညာထားသည်။
“ဈေးတင်ရောင်းရင် အရေးယူမယ်သာ ပြောတာပါ။ တကယ်လက်တွေ့ကျတော့ ထိရောက်အောင်မှ အရေးမယူတာ။ အဲ့ဒီတော့ ဈေးကွက်မှာက သူတို့ သတ်မှတ်ထားတဲ့ ဈေးနဲ့ အများကြီးကွာနေတာပေါ့။ ပြီးတော့ ကျွန်တော်တို့က ဝယ်ရင် တကယ် ဈေးကွက်မှာပေါက်တဲ့ ဈေးနဲ့ ဝယ်ရတာ။ သူတို့ သတ်မှတ်တဲ့ ဈေးနဲ့ မဟုတ်ဘူး”ဟု သာကေတမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
“အခုက စားအုန်းဆီကို တစ်ပိဿာ ၇၀၀၀ လောက် ပေးဝယ်ရတယ် ပြောကြတယ်။ ပြီးခဲ့တဲ့ ၁ ရက်နေ့ကပဲ ဈေးတွေ အကုန်ဝယ်ထားတာပေါ့။ ဆန်တွေ ဆီတွေက အကုန် တစ်လစာ ဝယ်ထားတာ။ အဲ့ဒီတုန်းကတော့ စားအုန်းဆီက တစ်ပိဿာကို ၆၀၀၀ ပေးခဲ့ရတယ်။ အခုတော့ အဲ့ဒီထက် ဈေးပိုတက်လာတယ်ပြောတယ်”ဟု ကြည်မြင့်တိုင်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
လက်ရှိဈေးကွက်အတွင်း စားအုန်းဆီ ဈေးနှုန်းကွာဟမှုသည် စစ်ကောင်စီ သက်မှတ်ထားသည့် ဈေးနှင့် ထက်ဝက်နီးပါး မြင့်တက်နေသည်။
သို့သော် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် စားအုန်းဆီ တစ်ပိဿာလျှင် ၃၇၉၀ ကျပ်ဖြစ်ကြောင်း ယင်းဈေးနှုန်းသည် ယနေ့ ဇွန်လ ၅ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ သတ်မှတ်ကြောင်း ကြေညာသည်။
“ပြည်တွင်းထွက်တဲ့ ဒီ ပဲဆီတွေ၊ နှမ်းဆီ၊ နေကြာဆီတွေက ဈေးတွေတက်တော့ အခြေခံလူတန်းစားတွေက စားအုန်းဆီကို အဓိကထား သုံးကြတာပေါ့။ ဈေးကွက်ထဲမှာကတော့ တစ်ပိဿာကို ၆၅၀၀ နဲ့ ၇၀၀၀ကြားရှိတယ်။ စစ်တပ်က အာဏာသိမ်းပြီးတည်းက အကုန်လုံးက ဈေးတက်တာလေ။ ဆီက ဈေးကွက်ကစားလို့ကောင်းတဲ့ ကုန်စည်တစ်ခုပဲဆိုတော့ ဈေးတွေက သူတို့ (စကစ) သတ်မှတ်ထားတာနဲ့ဆို အများကြီးကွာတာပေါ့”ဟု စားသုံးဆီရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီမှ အာဏာသိမ်းပြီနောက် စားအုန်းဆီအပြင် ပဲဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီတို့မှာလည်း ဈေးနှုန်းများမြင့်တက်နေသည့်အပြင် အခြားအခြေခံ စားသောက်ကုန်များလည်း ဈေးများ မြင့်တက်လျက်ရှိသည်။