စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မြောက်ပိုင်း၊ ရှုခင်းသာကျေးရွာနှင့် အနီးတဝိုက်သို့ ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်က စစ်ကောင်စီမှ Mi35 ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။
“ခဏပဲ။ ၅ မိနစ်လောက်ပဲ။ တစ်ခါပဲ လာပစ်သွားတာ။ ပါလာတဲ့ လက်နက်အကုန်ပြောင် ပြန်သွားတာ။ တိုက်ပွဲ မရှိပါဘူး။ သက်သက်မဲ့ကို လာပစ်သွားတာ။ ရွာထဲရော ရွာတဝိုက်ရော ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရှုခင်းသာရွာစာသင်ကျောင်းမှ စာသင်ကျောင်းဆောင်အချို့ ပျက်စီးခဲ့ရပြီး ရွာအတွင်းမှ ပြည်သူ ၄ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီမှ ထိုသို့ လေယာဥ်ဖြင့် ပစ်ခတ်အပြီး နံနက် ၁၁ နာရီ ၃၇ မိနစ်ခန့်တွင် ကလေးမြို့ ၂၂၈ အမြောက်တပ်မှ မြောက်ပိုင်းသို့ လက်နက်ကြီးဖြင့် ၁ ကြိမ်ပစ်ခတ်ခဲ့ရာ လက်ပံချောင်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
“လက်ပံချောင်း (B) ရပ်ကွက်ထဲကျတာ။ မြောက်ပိုင်းလေယာဥ်ပစ်သွားတဲ့ရွာက အတော်လေးဝေးပါတယ်”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ယင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ၆ ဦးအနက် ၁ ဦးမှာ စိုးရိမ်ရပြီး ခြေထောက် ၂ ဖက် ဆုံးရှုံးရဖွယ်ရှိသည်ဟု ကနဦး စုံစမ်းသိရှိရသည်။