ကယား(ကရင်နီ)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ် ၁၅၀၀၀ကျောင်းတက်နိုင်ရေးအတွက် “ ယမ်းငွေ့ကြားက ပန်းပွင့်ဖို့ ဝိုင်းဝန်းကူညီစို့” ကမ်ပိန်း ပြုလုပ်လျက်ရှိရာ ရက်ပြည့်ခါနီးပြီဖြစ်သော်လည်း ၃ဒဿမ၅ ရာခိုင်နှုန်းသာအလှူငွေ ရရှိသေးကြောင်း သိရသည်။
ဒီမော့ဆို မြို့နယ်အတွင်းရှိ စစ်ရှောင်ကျောင်းသားတိုင်းပုံနှိပ်စာအုပ် ရရှိကာ စာသင်နိုင်ရေးအတွက် “ ယမ်းငွေ့ကြားက ပန်းပွင့်ဖို့ ဝိုင်းဝန်းကူညီစို့” ကမ်ပိန်းကို မေလ ၂၀ရက်နေ့မှ ဇွန်လ ၁၀ရက်နေ့အထိ ပြုလုပ်လျက်ရှိကြောင်း ဒီးမော့ဆိုမြို့နယ်၊ပညာရေးဘုတ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ဒီကမ်ပိန်းက စစ်ကောင်စီယန္တရား လုံးဝပျက်သုဉ်းသွားပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်က ကျောင်းသား ၁၅၀၀၀ ခန့်ကို ကျောင်းထားပေးနိုင်မှာပါ။စစ်ပွဲကြောင့် ကလေးတွေ ပညာရေးနှောင့်နှေးမသွားရအောင် လေယာဉ်ဒဏ် ၊အမြောက်ဗုံးဆန်တွေကို တတ်နိုင်သလောက် ခုခံကာကွယ်ရင်း စာသင်ကျောင်းတွေ ဖွင့်လှစ်သွားမှာပါ။အဓိက လိုအပ်ချက်က ဖတ်စာအုပ်ပေါ့။ဒီမှာက လုံလောက်မှုမရှိဘူးလေ” ဟု ၎င်းက ပြောသည်။
ယင်း ကမ်ပိန်းသည် ကျပ် သိန်း၁၇၀၀ ရရှိနိုင်ရေးအတွက်ရည်မှန်းထားပြီး ကျောင်းသားတစ်ယောက် ကျောင်းတက်နိုင်ရေးအတွက် တစ်ဦးလျှင်ကျပ် ၁၂၀၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောသည်။
“ စစ်တပ်ကသာကျောင်းတွေဖွင့်နေတာ။ဒီမှာ စစ်အုပ်ချုပ်ရေးယန္တယားပျက်အောင် တိုက်နိုင်ခဲ့ပေမယ့် ကျောင်းတွေအားလုံးပြန်ဖွင့်နိုင်ဖို့ ရုန်းကန်နေရဆဲပါ။ ကျောင်းအဆောက်အအုံ၊ပရိဘောဂတွေလည်း ချို့တဲ့သလို နေ့စဉ် စားဝတ်နေရေးလည်း မပြေလည်ကြပါဘူး။ စာသင်ရာမှာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ ဖတ်စာအုပ်တောင်မလုံလောက်ဘူးပေါ့။ကမ်ပိန်းက ရည်မှန်းထားတဲ့ ကျပ် သိန်း ၁၇၀၀ ရဲ့ ၃ဒဿမ၅ ရာခိုင်နှုန်းပဲ အလှူငွေ ရပါသေးတယ်။ ကျောင်းသား အယောက် ၅၀၀ ကျော် အတွက်ပဲ ရသေးတာပေါ့။မနေ့ကအထိပေါ့။နောက်ငါးရက်ဆို ကမ့်ပိန်းကပြီးတော့မှာ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် စစ်အုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိတော့သည့် ဒီးမော့ဆိုမြို့တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုယ်ထူကိုယ်ထကြိုးစားနေကြောင်း သိရသည်။