ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ်ရှိ အခွန်ဦးစီးမှူးရုံး၊ တတိယထပ်တွင် ယနေ့ ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ဒုအခွန်ဦးစီးမှူး အပါအဝင် ဝန်ထမ်းနှင့် အခြားသူ ၆ ဦးခန့် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးမှု တစုံတရာ မရှိကြောင်း သိရသည်။
၎င်းအနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးမှ “ဗုံးပေါက်သံတော့ ကြားလိုက်ရတယ်။ မကြာဘူး Ambulance တွေ စစ်ကားတွေ ချက်ချင်းရောက်လာတယ်။ လမ်းတွေစပိတ်တယ်။ မသင်္ကာတာ တွေ့တာနဲ့ ချက်ချင်းစစ်ဆေးတယ်။ ဘယ်သူမှ အသွားအလာ သိပ်မရှိတော့ဘူး” ဟု ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်သားများနှင့် အရပ်ဝတ်များက ပန်းဆိုးတန်းလမ်းတစ်လျှောက် (မဟာဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ) လမ်းများကို နေ့လယ် ၃ နာရီခန့်ထိ ပိတ်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ပြင် ၎င်းအနီးအနားရှိ CCTV များကို စစ်ဆေးခြင်းနှင့် အနီးပတ်ဝန်းကျင်ကိုလည်း မေးမြန်းခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယခုလက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရှိရသည်။
၎င်းအကောက်ခွန်ဦးစီးဌာနရုံးသည် ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၂ ခုနှစ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့သေးသည်။