ရန်ကုန်မြို့နေရာအနှံ့အပြား၌ စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသော ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF) အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး (၂) နှစ်တာကာလအတွင်း ရန်ကုန်မြို့နှင့်အတူ တော်လှန်ရေးလုပ်ငန်းများကို တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
” ၂ နှစ်အတွင်း ရင်ဆိုင်ရတဲ့အခက်ခဲတွေအများကြီးပါ။ ဖမ်းဆီးခံထားရတဲ့ရဲဘော်တွေလည်း အများအပြားရှိတယ်။ စစ်ကြောရေးမှာ ပျောက်ဆုံးသွားတဲ့ ရဲဘော်တွေလည်းရှိတယ်။ ဘယ်လိုမျိုး အခက်ခဲအတားဆီးတွေပဲရှိရှိ ကျနော်တို့ တဟ်ရက်မှ မနားခဲ့ဘူး” ဟု ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
နိုင်ငံရေးဦးတည်ချက် (၃) ရပ်ကို အခြေပြုကာ စုဖွဲ့မှု ကောင်းစွာဖြင့် တိုက်ပွဲဝင်နေကြဆဲဖြစ်ပြီး အခက်အခဲများ၊ အကျပ်အတည်းများကြားမှ ရုန်းကန်ရသည်မှာ မလွယ်သော်လည်း ရန်ကုန်မြို့အတွက် ရန်ကုန်လူထုအတွက် သက်ဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်နေမည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။
“ တစ်ရက်မှမနားခဲ့ဘူးဆိုတာက ကျနော်တို့ နေ့တိုင်း တော်လှန်ရေးလုပ်ငန်းတွေကိုချည်းပဲ Serious လုပ်ဆောင်နေတာမျိုးကို ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့နေ့ရက်တိုင်းကို တော်လှန်ရေးကိစ္စတွေကို နေ့စဉ်လုပ်ဆောင်ပြီး ဖြတ်သန်းနေတာမျိုးပေါ့။ ကျနော်တို့ရဲဘော်တွေမှာက YRF မှာ ပါဝင်ပတ်သက်လုပ်ဆောင်နေသလို၊ တခြားနေရာကဏ္ဍတွေ အများကြီးမှာလည်း နိုင်ရာဝင်ကူနေကြသူတွေချည်းပါ။ အဖွဲ့အစည်းတစ်ခုထက် ပိုမိုလုပ်ဆောင်နေကြတဲ့သူတွေပေါ့။ ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို RCS (React, Comment, Share) လုပ်ပေးနေတယ်ဆိုရင်တောင် ဒါက တော်လှန်ရေးမှာ ပါဝင်နေတာပါပဲ။ ပြည်သူတွေလည်း နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ တစ်ရက်မှမနားဘဲ ပါဝင်နေကြတယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့်ပဲ တော်လှန်ရေးက အရှိန်ဟုန်ကောင်းစွာနဲ့ ရှေ့ဆက်နေနိုင်တာပါ။ ကျနော်တို့ ပြည်သူနဲ့အတူရှိနေတယ်။ ရန်ကုန်နဲ့အတူရှိနေတယ်။ ရန်ကုန်ကို ပြန်ရဖို့ ကျနော်တို့ဘဝတွေပြန်ရဖို့ ပြည်သူတွေဘဝပြန်ရဖို့ ကျနော်တို့ ကြိုးစားနေတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF) အဖွဲ့သည် စစ်ကောင်စီအား တော်လှန်ဆန့်ကျင်ဆန္ဒပြသည့် သပိတ်လှုပ်ရှားမှုများကို မြေပေါ်ပြောက်ကျားနည်းဖြင့် ဆောင်ရွက်နေသည့်အပြင် ပြည်သူလူထုအား သွေးမအေးစေရေးအတွက် စစ်ကောင်စီဆန့်ကျင်ရေး ကမ်ပိန်းလှုပ်ရှားများကိုလည်း ပြုလုပ်ကာ ပြည်သူလူထုအား စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။