ကယား(ကရင်နီ)-ရှမ်းနယ်စပ်နှင့် လွိုင်ကော်မြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ကရင်နီဒေသမှ ခိုင်မာသည့် သတင်းရင်းမြစ်များက ဆိုသည်။
ယနေ့ ဇွန်လ ၄ရက်နေ့၊နံနက် ၅နာရီခန့်က ကယား(ကရင်နီ)ပြည်နယ်ရှိ ဒီမော့ဆိုအရှေ့ခြမ်းနှင့် လွိုင်ကော်မြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရှမ်း-ကယားနယ်စပ်တလျှောက်ရှိ မိုးဗြဲမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကရင်နီဒေသမှ ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒီနေ့တစ်ရက်ထဲကို စကစဘက်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ရာဂဏန်းအထက်ကို ရှိတယ်။မိုးဗြဲမှာစဖြစ်ပြီးတော့မှ ခဏ ငြိမ်သွားတယ်။ နွားလဝိုးဘက် လွိုင်လင် တကြောမှာ တိုက်ပွဲထဖြစ်တာ။ဂျက်လေယာဉ်တွေလဲ လာတာ အများကြီးပဲ” ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ဆိုသည်။
ယနေ့ ဇွန်လ ၄ရက်နေ့၊ည ၁၀နာရီ နောက်ဆုံးရသည့် လွိုင်ကော်မြို့အနီး ဖြစ်ပွားနေသည့် မြေပြင်တိုက်ပွဲသတင်းများအရ စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်များဖြင့် ဗုံးသုံးကြိမ်ထက်မနည်းကြဲကာ တာဝေးပစ်လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့အနီးတစ်နေရာသို့ ဆက်တိုက်ပစ်လွှတ်နေကြောင်း KNDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ စစ်တပ်ဘက်က အကျများတယ်။ည ၈နာရီလောက်ကလည်း မိုးဗြဲမှာ တိုက်ပွဲပြန်စနေတယ်။ ရေကာတာကနေ လက်နက်ကြီးပစ်ကူနေတာပေါ့။ လွိုင်လင်မှာတော့ အခုထိဖြစ်နေတုန်းပဲ။ညပိုင်းတော့ လေယာဉ်ဗုံးမကြဲသေးဘူး။ပြည်သူ့ဘက်တော်သားတချို့လည်းထိခိုက်မှုရှိနေပါတယ်။သတင်းကတော့ ဒီလောက်ပဲပြောလို့ရမယ်။လိုင်းတွေလဲ သိပ်မကောင်းဘူး။ “ ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကယား(ကရင်နီ)ပြည်နယ်တွင် မေလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် ၁၀၀ ရှိခဲ့ပြီး ၎င်းထက်လည်း များနိုင်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ မှတ်တမ်းများအရသိရသည်။
လက်ရှိတွင် ကယား(ကရင်နီ)-ရှမ်းနယ်စပ်နှင့် လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး မကြာမှီတွင် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။