မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ၊ ပြည်သူများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနမှ လှူဒါန်းသော ၁၈ သိန်းကျပ်နှင့် ပြည်သူများမှ လှူဒါန်းသော သိန်း ၁၅၀၊ ၆ သောင်းကျပ်တို့အား ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မုန်တိုင်းအပြီး ၃ ရက်အတွင်း မေလ ၂၀ ရက်နေ့မှစ၍ ယခုဇွန်လအထိ အရေးပေါ်လိုအပ်ချက်များအပေါ် မူတည်၍ ၃ ဖြတ်ခွဲကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ကြတယ်။ အဆိုးရွားဆုံး ၁၀ ရွာကို အရေးတကြီး အကူအညီပေးနိုင်ဖို့ လိုတယ်ဆိုလို့ လိုက်ပတ်ပြီး အလှူခံတာပါဗျ။ အဆိုးရွားဆုံး ၁၀ ရွာရဲ့ ရပ်ကျေးပအဖတွေဆီကို ငွေသားအဖြစ်ရော ဆန်၊ ဆီ၊ ရိက္ခာတွေအနေနဲ့ရော လိုအပ်ချက်နဲ့ မြန်မြန်ဆန်ဆန် ဝယ်ယူရရှိနိုင်မှုအပေါ် မူတည်ပြီး ခွဲဝေ အပ်နှံကြတာပါဗျ”ဟု ထီးလင်းမြို့ အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးက MPA သို့ ပြောသည်။
ထီးလင်းမြို့အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယခုလှူဒါန်းနိုင်မှုသည် ရေတိုရိက္ခာအဆင့်သာ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စပါးပေါ်ဖို့ ၄ လကျော် လိုသေးတာရယ်၊ စစ်ဘေးရှောင်နေရလို့ စပါးမစိုက်နိုင်တာတွေရယ်နဲ့ ဆိုတော့ ဒီသုံးလေးလအတွင်း စားစရာဆန်ကအစ တော်တော်ရှာကြရဦးမှာပါဗျ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများတွင် စစ်ဘေးရှောင်စခန်းများလည်းပါဝင်ကာ စစ်ဘေးရှောင်စခန်းများ ပြန်လည်ဆောက်လုပ်ရမည်ဖြစ်သည့်အတွက် လိုအပ်ချက်များ များစွာရှိသေးသည်ဟု သိရသည်။
“ထန်းပင်ကုန်း အိုင်းမပြင်က မိသားစုတွေအနေနဲ့ ဆိုရင်လည်း တဲပြန်ဆောက်ဖို့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ မိုးကာတွေ စောင်နဲ့အဝတ်အစားတွေ အများကြီး လိုအပ်ပါသေးတယ်ဗျ”ဟု ၎င်းက ပြောသည်။
မိုခါမုန်တိုင်းကြောင့် ထီးလင်မြို့နယ်အတွင်း ကျေးရွာပေါင်း၃၀ ကျော် ရေဘေးသင့်ခဲ့ရပြီး၊ အဆိုပါကျေးရွာများမှ ဆန်စပါး၊ မြေပဲနှင့် ကျွဲနွားများ သေကြေပျက်စီးခဲ့ရကာ မြို့နယ်အတွင်း ချောင်းကူးတံတားအားလုံးနီးပါး ရေမျောပျက်စီး၍ လမ်းပဲ့ခြင်း၊ ကမ်းပါးပြိုလမ်းပိတ်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။