တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာ အုပ်စု ပြင်းဖြူရွာ ဆိပ်ကမ်းနံဘေးတွင် လက်နောက်ပြန်ကြိုးတုပ်အနေအထားဖြင့် ရေထဲမျောပါလာသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ပြင်းဖြူရွာသားတစ်ဦးက ပြောသည်။
ယင်း အမျိုးသားအလောင်းကို ယနေ့ ဇွန်လ ၄ ရက်နေ့ ၊နေ့လယ် ၁၂ နာရီခန့်က ပြင်းဖြူရွာ၊ ဆိပ်ကမ်းနံဘေး ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြင်းဖြူရွာသားတစ်ဦးက ပြောသည်။
“ နေ့လယ်က တွေ့တာ ဘယ်သူမှန်းလဲမသိဘူး။ အလောင်းက ပုပ်ပြီး ဖောနေပြီ။ ဓားထိုးခံထားရတဲ့ ဒဏ်ရာတွေလဲ တွေ့တယ်။ လက်ကိုလည်း ဝိုင်ယာကြိုးနဲ့ နောက်ပြန်တုပ်ထားတာ။ ဖမ်းဆီးနှိပ်စက်ပြီးမှ ပင်လယ်ထဲမျောလိုက်ပုံရတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ပြင်းဖြူရွာ ဆိပ်ကမ်း နံဘေး ရေစီးဖြင့် မျောတင်လာသည့် အမျိုးသားအလောင်းနှင့် ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း ဒေသခံများက မသိရှိကြောင်းနှင့် PDF စိုးမိုးနယ်မြေဖြစ်သဖြင့် စစ်သားနှင့်ရဲများမှ လာရောက်စစ်ဆေးရဲခြင်းမရှိကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အလောင်းက ဝဲဘက် ရင်အုံမှာ ဓားဒဏ်ရာတစ်ချက်၊ ဝဲဘက်နံစောင်းမှာ ဓားဒဏ်ရာ ၃ ချက်နဲ့ ဝဲဘက်ခြေထောက်ကို ဒူးအရင်းကနေ ချိုးထားတာတွေ့တယ်။ အလောင်းက ပုပ်နေပြီဆိုတော့ ညိုမည်းဒဏ်ရာ မပေါ်တော့ဘူး။ လက်ကိုလည်း ဝိုင်ယာကြိုးနဲ့ နောက်ပြန်တုပ်ပြီး ပင်လယ်ထဲပစ်ချလိုက်ပုံပဲ။ သေဆုံးသူရဲ့ရင်ဘတ်မှာတော့ ညာဘက်မှာ ကိုငွေထွန်းနဲ့ ဘယ်ဘက်မှာ မတင်အေးဆိုပြီး တက်တူးထိုးထားတယ်။ ဘယ်ကလဲ ဘယ်သူလုပ်တာလဲဆိုတာ မသိဘူး။ အသတ်ခံထားရတာပါ” ဟု PRDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရေထဲမျောပါလာသည့် အမည်မသိအမျိုးသားအလောင်းအား လက္ကူးကျေးရွာ နာရေးကူညီမှုအသင်းမှ သယ်ဆောင်ကာ မီးရှို့ သင်္ဂြိုဟ်ရန် ပြင်ဆင်လျက်ရှိကြောင်း MPA အနေဖြင့် စုံစမ်းသိရှိရသည်။
မှတ်ချက်။ ။ အမည်မသိ အမျိုးအလောင်းနှင့် ပတ်သက်၍ ဓာတ်ပုံများမှာ မြင်ရန်မသင့်တော်သဖြင့် မဖော်ပြထားပါ။