စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယနေ့ နံနက် ၁၂ နာရီမှ နံနက် ၃ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ အာဏာရူးစစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာကြောင့် တိုက်ခိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ” ဟု Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ မိုင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်ဟု ၎င်းက ရှင်းပြသည်။
“ ၃ နာရီကြာတိုက်ပွဲဖြစ်ပါတယ်ဗျ။ စစ်အာဏာရူးဘက်က အထိုအခိုက်အကျအဆုံး မသိရှိရသေးပါဘူး။ ရဲဘော်တွေတော့ ဘေးကင်းပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထို တိုက်ပွဲတွင် ယင်းမာပင်တပ်ရင်း ၂၉၊ စွန်ရဲ၊ CGRF၊ ဗျတ္တညီနောင်၊ သခင်ဒေါင်းညို၊ JHRF နှင့် ShreToe အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးလုပ်ငန်းစဉ်များနှင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန်၊ လက်နက်ကြီးထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းဝယ်ယူရေးအတွက် ရန်ပုံငွေများလည်း လိုအပ်နေသည်ဟု ယင်းဒေသခံ တော်လှန်ရေးအဖွဲ့များက ဆိုသည်။