စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ အလုပ်ရလိုသူများအား မလေးရှားတွင် အလုပ်ရမည်ဟုဆိုကာ တစ်ဦးလျှင် ၃၈ သိန်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်း ၃၀၀၀ ကျော် လိမ်လည်ထွက်ပြေးသွားသူ ၂ ဦးကို တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့နယ်မြေအတွင်းတွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်း၍ ၎င်းတို့ထံ အကြောင်းကြားပေးပါရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဇွန်လ ၃ ရက်နေ့ရက်စွဲဖြင့် ပုံများနှင့်တကွ ယနေ့ သတင်းထုတ်ပြန်ထားသည်။
“ဟုတ်ကဲ့ လာတိုင်ကြတာဗျ။ လိမ်လည်ခံရတဲ့သူတွေက လာတိုင်ကြတဲ့အခါကျတော့ ကျနော်တို့ စိစစ်ကြည့်တော့ အထောက်အထားကလည်း ခိုင်လုံတယ်။ သိတဲ့အချိန်မှာ လိမ်သွားတဲ့လူတွေက ပုလဲနယ်ထဲမှာ မရှိတော့ဘူး။ အဲ့ဒါကြောင့် ကျနော်တို့ဖမ်းဝရမ်းပုံစံမျိုး သတင်းထုတ်ပြန်လိုက်ရတာပါဗျ။ ကျနော်တို့ ယင်းမာပင်ခရိုင်ထဲမှာပဲ ရှိသေးတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ချိတ်ပြီး ဥပဒေအရ ဖမ်းဆီးအရေးယူလို့ရတာပေါ့နော်”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က MPA သို့ ပြောသည်။
လိမ်လည်ခံရသူများသည် အများအားဖြင့် ပုလဲမြို့နယ်နှင့် မြိုင်မြို့နယ်တို့မှ ဖြစ်ပြီး လူပေါင်း ၁၀၀ ကျော် လိမ်လည်ခံရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ကြောင်ဝင်ဒူးက ၂ ယောက်၊ ကိုးပင်က ၁ ယောက်၊ မဲဇရပ်က ၄ ယောက်တဲ့။ လက်လှမ်းမီသလောက် ဝမ်းဘဲချိုင့်ကလည်း အတော်လေးများတယ်။ တခြားရွာတွေကရော အတော်လေးများတယ်။ လိမ်ခံလိုက်ရတာ။ မလေးရှားသွားရတော့မယ်၊ လေယာဥ်လက်မှတ်လုပ်ရတော့မှာဆိုပြီး လိမ်သွားတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
လိမ်လည်သွားသူနှစ်ဦးမှာ ပုလဲမြို့နယ်၊ မဲဇရပ်ရွာမှ အောင်ဇော်ထွန်း (ဘ) ဦးသန်းဝင်း၊ မှတ်ပုံတင်အမှတ် ၅/ပလန (နိုင်) ၁၁၄၅၀၅ ကိုင်ဆောင်သူနှင့် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာနေ ရဲမွန် (ဘ) ဦးကျော်စန်းဝင်း၊ မှတ်ပုံတင်အမှတ် ၅/ပလန (နိုင်) ၁၃၃၈၆၉ ကိုင်ဆောင်သူတို့ဖြစ်သည်ဟု သိရသည်။
အဆိုပါ လိမ်လည်သွားသူ ၂ ဦးသည် ယခုအခါ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် ဆူးလေအနီးတဝိုက်တွင် နေထိုင်သွားလာလျက်ရှိပြီး နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားလျက်ရှိကြောင်း ကနဦး စုံစမ်းသိရှိရသည်။