စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်သော ကပစ ၂၁၊ ကပစ ၂၂ နှင့် စစ်ကောင်စီဘက်မှ ကင်းပုန်းများအား ပြီးခဲ့သည့် မေလအတွင်းက တိုက်ခိုက်နိုင်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်းမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ နံနက် ၃ နာရီ၌ စစ်ကောင်စီ၏ မကွေးတိုင်း ဆိပ်ဖြူမြို့အခြေစိုက် ကပစ ၂၁ (ကာကွယ်ရေးပစ္စည်းစက်ရုံ ) မှ လက်နက်ဂိုထောင်များအား ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း ဆိပ်ဖြူ ဘာမထီ တပ်ခွဲ ၁-၂ ပူးပေါင်း၍ rocket ( ရှော့တိုက်ဒုံး) များဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူဘာမထီမှ ထုတ်ပြန်ကြေညာထားသည်။
“ ဗုံးသီးပြုလုပ်တဲ့ အဆောက်အအုံကို ထိမှန်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကြားရတယ်။ ဘယ်လောက် သေတယ်တော့ အတိအကျ မသိရပါဘူး” ဟု ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း ဆိပ်ဖြူ ဘာမထီ၏ ပြန်ကြားရေး တာ၀န်ခံ ကိုမိုက်ကယ်က MPA သို့ ပြောပြသည်။
ထို့ပြင် မေလ ၂၇ ရက်နေ့ ညနေ ၅ နာရီ၌ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကန်စွန်းမ ကျေးရွာအနီး ၁ မိုင်အကွာရှိ ကန်စွန်းမ ကျေးရွာ ကျောင်းသစ်ဖွင့်ပွဲသို့ ကင်းပုန်း ၀ပ်ပေးနေသော လစက (၉) လက်အောက်ခံ နမတ စစ်ဌာန တပ်ရင်းအမှတ် (၂၀၃၆) မှ အင်အား ၁၀ ဦးပါ စစ်ကောင်စီ ကင်းပုန်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
“ ကင်းပုန်း ပစ်တဲ့နေ့က ကန်စွန်းမ ရွာမှာ စာသင်ကျောင်း အသစ်ဖွင့်တာကို သူတို့က ကင်းပုံးလာ၀ပ်ပေးတာပေါ့။ အဲဒါကို သွားပစ်တာ။ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးတယ်လို့ သိရပါတယ်” ဟု ကိုမိုက်ကယ်က ဆက်ပြောပြသည်။
ထို့နောက် မေလ ၂၈ ရက်နေ့ ည ၁၁ နာရီကလည်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၂ ( ကာကွယ်ရေးပစ္စည်း စက်ရုံ ) အား ဂန့်ဂေါခရိုင် တပ်ရင်း ၅၊ ဆိပ်ဖြူ ပ.က.ဖ ၊ ပခုက္ကူခရိုင် တပ်ရင်း ၄၊ တပ်ရင်း ၁၁နှင့် ဆိပ်ဖြူ ဘာမထီ တပ်ခွဲ ၁၊၂ နှင့် ဗိုလ်မထား တပ်ခွဲ ၃ တို့ ပူးပေါင်း၍ rocket ( ရှော့တိုက်ဒုန်း ) များဖြင့် သွားရောက် တိုက်ခိုက်ခဲ့သည်ဟု စုံစမ်း သိရသည်။
“ ဒီ က.ပ.စ ၂၂ ကို အရင်ကလည်း နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ သွားပြီး တိုက်ခိုက်ဖူးပါတယ်။ က.ပ. စ ၂၁ ကိုတော့ ဆိပ်ဖြူဘာမထီ အနေနဲ့ ဒါ ပထမဆုံးပါ။ သူတို့ရဲ့ ကာကွယ်ရေး လက်နက်ပစ္စည်းတွေ ရပ်တန့်သွားဖို့ က အဓိကလို့ ထင်တဲ့အတွက် အခုလို တိုက်ခိုက်ရခြင်း ပါ” ဟု ကိုမိုက်ကယ်က မစ်ရှင် ဖော်ဆောင်ရခြင်းနှင့် ပတ်သက်၍ ပြောပြသည်။
ထို မစ်ရှင်သုံးခု၌ ပါ၀င်သော ကန်စွန်းမရွာမှ စစ်ဆင်ရေး ဂိတ်သည် ချောက်၊ ဆိပ်ဖြူဘက်မှ တောင်ပေါ်သို့ အတက်အဆင်းလုပ်ရသည့် ကုန်ကားများအား အစစ်အဆေးတင်းကျပ်စွာပြုလုပ်သည့် ဂိတ်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။