မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ကားလမ်းအသုံးပြုသည့်ပြည်သူအချို့မှာ တော်လှန်ရေးအင်အားစုများ ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာမှုအားနည်းနေသေးကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ) ထံကသိရသည်။
မန္တလေး-သပိတ်ကျင်း- ဗန်းမော် ကားလမ်းမပေါ် သွားလာကြသော ပြည်သူများအနေဖြင့် မနက် (၆)နာရီမှ ည (၇)နာရီအထိသာ သွားလာကြရန်၊နေ့ခင်းဘက်သွားလာသည့်အခါ ကားမှန်ချ မောင်းရန်၊ ကားကိုမိုးကာမအုပ်ဘဲ မောင်းနှင်ကြရန်နှင့် စစ်ကောင်စီတပ်နှင့် အထင်မှားစေမည့် ကိစ္စရပ်များ လုံးဝ မပြုလုပ်ကြရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။
” ကျနော်တို့ သပိတ်ကျင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတယ်။ အဲ့အတွက်ကြောင့် အချိန်ကို အနီးစပ်ဆုံးဖြစ်အောင် မှီငြမ်းပြီး ထုတ်ပြန်ထားတယ်။ အခု ကျနော်တို့ သပိတ်ကျင်းမြို့နယ်မှာသွားလာနေတဲ့ ပြည်သူတွေရဲ့ အိမ်စီးကားတွေ၊ Express ကားတွေ ၊လိုင်းကားတွေဟာ စည်းကမ်းလိုက်နာမှုမရှိသေးပါဘူး။ စစ်ကောင်စီကလည်း ပြည်သူအသွင်ဖမ်းပြီးတော့ လမ်းပိုင်းဖြတ်တယ်။ အဲ့တော့လုပ်ရကိုင်ရတာ တော်တော်ခက်ခဲပါတယ်။ မထွက်ရဘူးလို့တားမြစ်ထားရင် လိုက်နာပေးရပါမယ်။ တားမြစ်ထားတဲ့ထဲကထွက်လာပြီး တစ်စုံတစ်ခု မှားယွင်းသွားခဲ့ရင် လုံးဝ တာဝန်ယူမှု၊ တာဝန်ခံမှု ပေးမှာမဟုတ်ဘူး” လို့ သပိတ်ကျင်းမြို့နယ်(ပကဖ) တာဝန်ခံက MPAသို့ပြောသည်။
ခရီးသွားပြည်သူများမှာ ကားလမ်းမပေါ် သို့ ကန့်သတ်ထားသည့်ညဘက်တွင် မသွားလာကြသလို နေ့ခင်းဘက်၌ ကားမှန်ချမောင်းကြသော်လည်း မိုးကာမအုပ်ရန်စည်းကမ်းချက်အပေါ် လိုက်နာမှု အားနည်းကြသေးကြောင်းသိရသည်။
” ကျွန်မတို့လိုဆိုရင်တော့ လိုက်နာတယ် မထွက်ဘူးလေ၊ ဒါပေမဲ့မဖြစ်မနေ ထွက်ရမယ်ဆိုရင်တောင် သတ်မှတ်ထားတဲ့အချိန်ကို ကျော်လွန်ပြီးမသွားဘူး၊ အချိန်တွေသတ်မှတ်ထားပြီး မသွားဖို့ စည်းကမ်းထုတ်တယ်။ ဒါလေးကိုတောင် မပါဝင်နိုင်ဘဲ မလိုက်နာရင်လည်း သူတို့ထိုက်နဲ့ သူတို့ကံပေါ့ ၊ သနားနေမှာလည်း မဟုတ်ဘူး” ဟု တကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အနေဖြင့်ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နှင့် မေလ၂၆ ရက်တို့တွင် မန္တလေး-သပိတ်ကျင်း-ဗန်းမော် လမ်းပိုင်းပေါ် ညဘက် သွားလာခြင်းမပြုရန်နှင့် နေ့ခင်းဘက်သွားလာသည့်အခါ သတ်မှတ်စည်းကမ်းလိုက်နာကြရန် နှစ်ကြိမ်တိုင်တိုင်သတိပေးချက်ထုတ်ပြန်ပြီးဖြစ်သည်။