လာမည့် ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပင်လယ်ပြင် ဝင်ရောက်လာနိုင်သည့် အမည်မပေးရသေးသော မုန်းတိုင်းတစ်လုံးသည် အစပျိုးနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်ထံမှ သိရသည်။
“မုန်တိုင်းက အခုမှ စောင့်ကြည့်ရမဲ့ investigative system (INVEST-92B) ဆိုတာဖြစ်ဖို့ အစပျိုးနေဆဲဖြစ်ပါတယ်။ INVEST ဖြစ်လာပြီးတဲ့အခါ နိုင်ငံတကာမိုးလေဝသဌာနကြီးတွေက (JTWC, TSR, CIMSS, GDACS စသည်ဖြင့်) ပိုပြီး တိကျတဲ့ လမ်းကြောင်းပြင်းအားတွေ ထွက်လာပါမယ်။ လက်ရှိကြိုတင်ခန့်မှန်းချက်တွေအရတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းဒေသက အန္တရာယ်ရှိနေဆဲအခြေအနေမှာပဲ ရှိပါသေးတယ်”ဟု ဦးဝင်းနိုင်က MPA သို့ ပြောသည်။
မုန်တိုင်း၏ အခြေအနေအား လာမည့် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့်တွင် တိတိကျကျသိရမည်ဖြစ်ပြီး မုန်တိုင်း ဝင်ရောက်လာနိုင်မည့်ရက်သည် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖြစ်နိုင်ကာ ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ချိန် ၃ ရက်မှ ၄ ရက်ခန့်အထိ ရရှိဦးမည်ဖြစ်ကြောင်းလည်း ဆိုသည်။
“အခုထိတောင် ပြန်လည်ထူထောင်ရေးကို အဓိကထားလုပ်ဆောင်နေဆဲပဲ ရှိသေးတယ်။ နောက်တစ်လုံးလာမယ်ဆိုတော့လည်း လာပေါ့။ အခုကတော့ မိုခါကြောင့် ပျက်သွားတဲ့ အမိုးအကာနဲ့ သောက်သုံးရေးတွေကို ရအောင် လုပ်နေရတုန်းပဲ။ လာမယ့် မုန်တိုင်းက မိုခါလောက်တော့ အဖျက်စွမ်းအား မပြင်းဘူးလို့လည်း ထုတ်ပြန်ထားတာတွေ ရှိတယ်။ အဲ့ဒီတော့ အခုကတော့ အမိုးအကာတွေ ခိုင်မာအောင်ပြုပြင်ထားရမှာပေါ့”ဟု ရခိုင်ပြည်နယ်မှ ဒေသခံ ကိုမြတ်မင်းစိုးက ပြောသည်။
အမည်မပေးရသေးသော မုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းသို့ ထပ်မံဝင်ရောက်လာနိုင်ချေသည် အနောက်တောင်မုတ်သုံလေ၏ အားပြင်း/မပြင်း အခြေအနေနှင့် အရှေ့မြောက်လေစီးကြောင်း အားကောင်းမည့် အခြေအနေပေါ်မူတည်ကာ ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀ ရာခိုင်နှုန်းခန့်သည် ဝင်ရောက်လာနိုင်ချေမရှိကြောင်း သိရသည်။
“ပြည်သူတွေအနေနဲ့တော့ ဇွန်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ အတည်ဖြစ်လာမဲ့ မုန်တိုင်းလမ်းကြောင်း၊ မုန်တိုင်းအရွယ်အစားနဲ့ မုန်တိုင်းပြင်းအားတွေကို မပြတ်နားစွင့်ထားပြီး ပြင်ဆင်ချိန် လုံလုံလောက်လောက်ရတဲ့ အချိန်အတွင်း ဘေးလွတ်ရာ ရှောင်နိုင်ဖို့ ကြိုတင်စီစဉ်ထားတာ အကောင်းဆုံးပါပဲ”ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ ပြောသည်။
ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဝင်ရောက်လာနိုင်သည့် အမည်မသိမုန်တိုင်း၏ လေတိုက်နှုန်းသည် တစ်ရီလျှင် မိုင် ၉၀ မှ ၁၀၀ ဝန်းကျင်အထိ ဖြစ်နိုင်ကာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကုန်းတွင်းပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်းလည်း ဆိုသည်။
“မုန်တိုင်းသာ ထပ်လာမယ်ဆိုရင်တော့ စိတ်ဓါတ်တွေ ပြိုလဲသွားမှာပါပဲ။ မိုခါတုန်းကတောင် ခိုကိုးရာမဲ့တဲ့ တချို့တွေဆို သတ်သေတာတွေတောင် လုပ်ခဲ့ကြတာ။ တစ်လတောင် မကြာသေးဘူး နောက်တစ်လုံးသာ လာမယ်ဆိုရင်တော့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို မတွေးတတ်တော့ပါဘူး။ အဆောက်အအုံတွေနဲ့ ပတ်သက်လို့ကလည်း ကံစီမံရာပဲလို့ မှတ်ထားပါတယ်”ဟု ရသေ့တောင်မှ ဒေသခံတစ်ဦးက ပြောသည်။
ထပ်မံဝင်ရောက်လာနိုင်သည့် မုန်တိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်းဒေသကြီးများတွင်လည်း အဖျားခတ်နိုင်ကာ မိုးသက်လေပြင်းကျ၍ မိုးကြီးနိုင်ကြောင်း သိရသည်။
အိန္ဒိယ မိုးလေဝသဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ ယမန်နေ့ ဇွန်လ ၁ ရက်နေ့က ၎င်းတို့ ထုတ်ပြန်ခဲ့သော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေပွေလှိုင်းသည် ဆက်လက်တည်ရှိနေကာ အာရေဗျပင်လယ်တွင် လက်ရှိဖြစ်ပေါ်နေသော လေပွေလှိုင်းသည် နောက် ၄၈ နာရီအတွင်း ပိုအားကောင်းလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။