မကွေးတိုင်း၊ ချောက်မြို့တွင် ကပစ(၂၁)မှ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးကာ ငွေကျပ်သိန်း၄၀ကျော်နှင့်လျှို့ဝှက်စာရွက်စာတမ်းများသိမ်းဆည်းရမိကြောင်း Chuck Guerrilla Force ထံကသိရသည်။
ယနေ့ (ဇွန်လ၊၂ရက်) နံနက် ၉နာရီခန့်က ဆိပ်ဖြူမြို့နယ်၊ကန်းဇွန်းမရွာရှိ ကပစ(၂၁)လက်နက်ထုတ်စက်ရုံ မှ တပ်ကြပ်ကြီး အောင်သူတင့်(ခ)တိုက်ကြက် ချောက်မြို့သို့ ဆိုင်ကယ်ဖြင့်လာစဥ်ချောက်မြို့၊ အမှတ် (၁၁) ဗဟို ကွက်သစ် စာသင်ကျောင်းအနီးတွင် PDF များက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာသေဆုံးခဲ့ခြင်းဖြစ်သည်။
“ကပစ(၂၁)ကနေ ဆိပ်ဖြူမြို့ထဲကို ကားနဲ့လာတယ်။ကားပေါ်မှာ အပြစ်မဲ့သူတွေပါနေလို့ မစ်ရှင်ဖျက်လိုက်တယ်။တိုက်ကြက်က ကားကို ဆိပ်ဖြူမှာထားပြီး ချောက်မြို့ကို ဆိုင်ကယ်နဲ့ကူးလာချိန် စာသင်ကျောင်းနားမှာ နောက်ကနေ ၂ ချက်ပစ်လိုက်တာ။ပွဲချင်းပြီးသေသွားတယ်။သူ့ဆီမှာငွေသိန်း၄၀ကျော်နဲ့စာရွက်စာတမ်းတွေကိုသိမ်းလာခဲ့တယ်”ဟု Chuck Guerrilla Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုလတ်ကပြောသည်။
ပစ်ခတ်ခံရသည့် တပ်ကြပ်ကြီး သည် ကပစ(၂၁)မှ ဗိုလ်ကြီးရန်နိုင်၏ တပည့်အရင်းဖြစ်ကာ ၎င်းထံမှ ငွေသား သိန်းလေးဆယ်ကျော်၊ဖုန်းတစ်လုံး၊ATMကဒ်များနှင့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“တိုက်ကြက်အလောင်းကို မနောဖြူလူမှုကူညီရေးအသင်းက ကားနဲ့လာသယ်သွားတယ်လို့တော့ ကြားတယ်။ကျနော်တို့ကလည်း မစ်ရှင်ကိုအောင်မြင်စွာလုပ်ဆောင်ပြီးတာမို့ အမြန်ပြန်ဆုတ်သွားတာ” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Chucak Guerrilla Force နှင့်အတူ People Defense Force Chuck (ချောက် ပကဖ)၊K F People Defense Force ၊ဖေကံကောင်း ရေနံချောင်းအဖွဲ့နှင့် MVP Revolution Forceတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။