By MPA CJ 023
မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်အတွင်းရှိ အမှတ်(၁) ရဲစခန်းကို ၄၀ (မမ) ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်ခဲ့ကြောင်း နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)ကထုတ်ပြန်ထားသည်။
မေလ ၃၁ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် နန်းရှေ့အနီး ၁၉ လမ်းမကြီးပေါ်ရှိ အမှတ် ၁ ရဲစခန်း၊ ကို ၄၀ မမ ဗုံးသီးလောင်ချာဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီစခန်းက ထောက်ခံစာလုပ်ပေးတဲ့နေရာမှာ ငွေမတရားတောင်းတာ။လုံခြုံရေးအခြေနေအရ တစ်ချက်ပဲ ပစ်နိုင်တယ်။စခန်းမှူးရုံးကို တည့် ပစ်တာ။ပစ်ပြီးတာနဲ့ချက်ချင်းဆုတ်တာ။အဲ့ဒီစခန်းက ၂ ထပ် ၊အပေါ်မှာလည်း လုံခြုံရေးတွေရှိတယ်။ဘန်ကာတွေကလည်းအခိုင်အမာ။ခက်ခက်ခဲခဲသွားပစ်တာ။ထိခိုက်မှု ရှိ၊မရှိကတော့ ကျနော်တို့လည်းချက်ချင်းဆုတ်လာတာဆိုတော့ မသိသေးပါဘူး”ဟု နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)တာဝန်ခံ ဗိုလ်နတ်ဆိုးကပြောသည်။
ပစ်ခတ်ပြီးနောက် အောင်မြေသာဇံမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုများကြားမှ တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နှင့် ကောင်းကင်တော်လှန်ရေးအင်အားစု-ပြင်ဦးလွင်ခရိုင် ပကဖ၊တပ်ခွဲ-၁ တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၇ ရက်နေ့တွင်လည်း အောင်မြေသာဇံမြို့နယ်ရှိ ခလရ (၉၁၀)တပ်ကိုနတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နှင့်မဟာမိတ်တို့က ၄၀ (မမ) ဗုံးသီးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သေးသည်။