By MPA CJ 012
တရုတ်နိုင်ငံကို ရောက်ရှိနေသည့် မြန်မာပြည်သူများ စုစည်းကာ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ အလှူငွေ သိန်း ၄၀ ထောက်ပံ့ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ရခိုင်အတွက် ကျွန်မတို့ တရုတ်ရောက်နေတဲ့ မြန်မာပြည်သူတွေ အဓိကကတော့ ရခိုင်တွေပေါ့။ အားလုံးစုပြီး အလှူခံကြတာ တရုတ် ယွမ် (၉၈၄၀) ရတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၄၀ ပေါ့။ ဒါတွေကို ကျွန်မတို့ သေချာစီစဉ်ပြီးတော့ ရခိုင်အတွက် ထောက်ပံ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ထောက်ပံ့ခဲ့တာပါ” ဟု အလှူရှင်တစ်ဦးက ပြောသည်။
အလှူငွေအတွက် လူဦးရေ အယောက် ၁၀၀ နီးပါးမှ တတ်နိုင်သလောက် ထည့်ဝင်ခဲ့ပြီး စုစုပေါင်း တရုတ်ယွမ် ၉၈၄၀ ရရှိခဲ့ကာ လက်ရှိ တရုတ်ငွေကြေး ပေါက်ဈေးအရ မြန်မာငွေကျပ် သိန်း ၄၀ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မုန်တိုင်းစတင်တိုက်ခတ်ခဲ့သည့် မေလ ၁၄ ရက်နေ့တွင် အိမ်များ ပြိုပျက်ခဲ့ပြီးနောက် အရေးပေါ်ကူညီကယ်ဆယ်ရေးများ မရရှိသည့် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့နိုင်ရန် အလှူငွေကောက်ခံခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“လေမုန်တိုင်းတိုက်ပြီးတော့ အပြိုအပျက်တွေကြားထဲမှာ ဒုက္ခတွေ ရောက်နေတာတွေကို သတင်းတွေမှာ တွေ့ရတယ်လေ။ ကိုယ့်အရပ်ဒေသဖြစ်တော့လည်း မနေနိုင်တော့ စေတနာရှိသလောက် ထည့်ကြမယ်၊ ငါတို့ ထောက်ပံ့ကြမယ်ဆိုပြီး ကောက်ခံကြတာပေါ့” ဟု တရုတ်ပြည်ရောက် စစ်တွေမြို့နယ်မှ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
လက်ရှိတွင် မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်တွင်အရေးပေါ် ကူညီကယ်ဆယ်ရေးများအတွက် လိုအပ်ချက်များ ရှိနေကာ စစ်ကောင်စီအနေဖြင့် မုန်တိုင်းဒဏ်သင့် ရခိုပြည်နယ်သို့ ရိက္ခာများနှင့် လိုအပ်သော ပစ္စည်းများအား ပေးပို့နေကြောင်းသတင်းထုတ်ပြန်ထားသော်လည်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများထံ ထိရောက်စွာရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။
ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေး၊ ရေဘေးသင့် ပြည်သူ ၁၁၅၆,၇၉၆ ဦးရှိပြီး
ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆,၉၈၆ ရှိကာ သေဆုံးလူ ၁၄၈ ဦးအထိရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ရခိုင့်တပ်တော် (AA) မှ ဦးစီးကာ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးသော်လည်း ယင်းကပ်ဆိုးအား ဖြေရှင်းရန် လုံလောက်သည့် အင်အားမရှိသောကြောင့် နိုင်ငံတကာမှ ကူညီပေးရန်တောင်းဆိုထားသည်။