By MPA CJ 023
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာတစ်ရွာတွင် တပ်စွဲနေသော စစ်သားများကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ကြောင်း BLACK WOLF-ARMYက ထုတ်ပြန်သည်။
မေလ ၂၈ရက်၊ ည ၁၀နာရီခန့်တွင် စစ်သား ၆၀ ခန့်တပ်စွဲထားသော ဟန်လင်းကျေးရွာရှိ နေအိမ် ၁ လုံးပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ရာ ဘန်ကာ ပျက်စီးသွားပြီး စစ်သား ၄ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“စစ်တပ်က ဟန်လင်းရွာကို တပ်စွဲထားတာ ၇ လလောက်ရှိပြီ။စစ်သားတွေက ရွာထဲက ခြံဝန်းကျယ် အိမ်ကြီးကြီး ၁ လုံးမှာ တပ်စွဲနေတာ။လူမနေတဲ့အိမ်တွေတက်နေတဲ့သဘောပေါ့။အဲ့ဒီ အိမ်ရှေ့မှာ ဘန်ကာဆောက်ထားတယ်။ အဲ့ဘန်ကာကို အရင်ချတယ်။ ထွက်ပြေးတဲ့နောက်တွေလိုက်ချတယ်”ဟု BLACK WOLF -ARMY မှ ကိုခွန်လေးကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများက ပျံသန်းနေသော ဒရုန်းကို သေနတ်ဖြင့်ပစ်ခဲ့သော်လည်း ထိခိုက်မှုမရှိပေ။
အဆိုပါတိုက်ခိုက်မှုကို BLACK WOLF -ARMY ၊WHO AM I -ARMYနှင့်ပြည်သူ့အစေခံတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများဒဏ်ရာရရှိခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မေလ ၂၇ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာစာသင်ကျောင်းတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို BLACK WOLF-ARMYနှင့်WHO AM I-ARMY တို့ ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့သေးသည်။