By MPA CJ 012
မိုခါမုန်တိုင်းတိုက်ခက်ပြီးနောက် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အတွက် ဖုန်းတစ်လုံးအား ငွေကျပ် ၅၀၀ မှ ထောင်ဂဏန်းအထိပေး၍ ဖုန်းအားသွင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အတွက် မီးမရရှိသည့် ဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်ကျေးရွာများအတွင်း မီးစက်ရှိသည့် ပြည်သူများမှ စက်နှိုးပေးကာ အခကြေးငွေပေး၍ အားသွင်းပေးနေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ရွာက ဘုန်းကြီးကျောင်းမှာတော့ မီးစက်ရှိတယ်။ ဘုန်းကြီးက ဆီဖြည့်ပြီး မီးစက်မောင်းပေးတယ်။ ရွာကလူတွေကတော့ အဲ့ဒီမှာ သွားပြီး အားသွင်းကြတယ်။ တစ်ယောက်ကို ၅၀၀ တော့ ပေးရတယ်။ အဲ့ဒီ ၅၀၀ က ရန်ပုံငွေသဘောပေါ့။ ဆီပြန်ဖြည့်လို့ရအောင် ဘုံသဘောနဲ့ ကောက်တာ။ အဲ့ဒီကရတဲ့ ပိုက်ဆံနဲ့ ဆီပြန်ဖြည့်ပြီး မီးစက်ပြန်မောင်းရတာပေါ”ဟု မြောက်ဦးမြို့နယ် မောင်ရွှီကန်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သည့် မေလ ၁၄ ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးများ မရရှိသည်မှာ ရက်သတ္တပတ် ၂ ပတ်ခန့် ရှိပြီဖြစ်သည်။
စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသော ဓါတ်တိုင်များနှင့် ဓါတ်ကြိုးများအား ပြန်လည်ပြုပြင်ပေးနေပြီး ယင်း ကာလတွင်လည်း ပြည်သူများ မီးရရှိစေရန်အတွက် မီးစက်များနှင့် မီးပေးမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း လျှပ်စစ်မီးရရှိမှု အခက်အခဲသည် ဆက်လက်ရှိနေဆဲဖြစ်သည်။
“ကျိုးသွားတဲ့ ဓါတ်တိုင်တွေတော့ ပြန်လုပ်နေတာတွေ့တာပဲ။ မီးကတော့ မရသေးပါဘူး။ အခုလည်း ဆိုလာရှိတဲ့ အိမ်တွေနဲ့ မီးစက်မောင်းတဲ့ သူတွေဆီမှာ ပိုက်ဆံပေးပြီး အားဖြည့်စရာရှိတာတွေ ဖြည့်တာပေါ့နော်။ အားပြန်ဖြည့်ပြီး သုံးလို့ရတဲ့ မီးလုံးတွေနဲ့ ဖုန်းတွေကိုတော့ နေ့ဘက် စက်မောင်းရင် အားသွားဖြည့်တာပေါ့။ တစ်ခါဖြည့်ရင် မီးလုံးဆို ၁,၀၀၀၊ ဖုန်းဆို ၇၀၀ ပေးရတယ်”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး မှန်မှန်မရသည်ကို ကြုံတွေ့နေရသည့် ပြည်သူများအနေဖြင့် မီးအသုံးပြုခွင့်ရရန်တွက် မီးစက်များဝယ်ယူခြင်း၊ အင်ဗာတာများ အသုံးပြုခြင်းတို့ ပြုလုပ်ရပြီးနောက် ယင်းပစ္စည်းများသည် ဈေးအဆမတန် မြင့်တက်လာခဲ့သည်။
“ကျွန်တော်တို့က မီးမှန်မှန်မရတော့ လိုနေတာနဲ့ မီးစက်ဝယ်ထားတာ အခုတော့ တစ်နှစ်လောက်တော့ ရှိပါပြီ။ အခုအဲ့ဒီမီးစက်နဲ့ မီးမောင်းပြီးတော့ ဖုန်းတွေ၊ အားဖြည့်သုံးတဲ့ မီးလုံးတွေကိုတော့ အားလာသွင်းပေါ့နော်။ ဘယ်လိုဟာပဲ အားသွင်းသွင်းပေါ့နော် ၁၀၀၀ တော့ တောင်းတယ်။ ဘာလို့လဲဆိုတော့ ဆီဈေးတွေက ခက်လို့ (ဈေးကြီး)။ အဲ့ဒါကြောင့် အဲ့ဒီကရတာနဲ့ ပြန်ပြီး မီးစက်လည်ပတ်ပေးတာပေါ့။ တစ်နေ့ကို အယောက် ၃၀/၄၀ တော့ ရှိတယ်။ သူတို့လည်း တစ်နေ့တစ်နေ့ အလုပ်တစ်ခုလိုပဲ။ မီးအမြန်ရစေချင်တယ်။ မြန်မြန် ရအောင်လည်း သက်ဆိုင်က လုပ်ပေးပါလို့ ပြောချင်တယ်”ဟု မီးစက်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်နှင့် အဆောက်အဦများ ၉၅ ရာခိုင်နှုန်းနှင့်အထက် ပျက်စီးခဲ့ရပြီး သွပ်၊ သံမှိုစသည့် အိမ်ဆောက်ပစ္စည်းများနှင့် သက်ဆိုင်သော ပစ္စည်းများ၏ ဈေးများသည်လည်း အဆမတန် မြင့်တက်နေသည်။