By MPA CJ 014
Hip Hop အဆိုတော် ဗျူဟာကို မြောက်ဒဂုံမြို့နယ်တရားရုံးတွင် နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
မေလ ၂၈ရက်နေ့ နံနက်ပိုင်းက အဆိုတော် ဗျူဟာကို မြောက်ဒဂုံမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ယနေ့တွင် မြောက်ဒဂုံမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဗျူဟာ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဗျူဟာကို နိုင်ငံရေးပုဒ်မနဲ့ပဲ စွဲထားတာပါ။၅၀၅-က ပေါ့။နိုင်ငံတော် အကြည်ညိုပျက်စေမှု နဲ့ပါပဲ။မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်ထားတာပါ။နောက်ဆက်တွဲက တော့ မသိရသေးပါဘူး” ဟု ၎င်းကပြောသည်။
အဆိုတော် ဗျူဟာ၏ ညီ အဆိုတော်ရာဇဝင်ကလည်း “ ကိုဗျူဟာ မြောက်ဒဂုံ (၄၆) ရဲစခန်းကို ရောက်နေပါပြီ၊ မနက်ဖြန်နေ့လယ် မြောက်ဒဂုံတရားရုံးမှာရုံးထုတ်မယ်ပြောပါတယ်။Source ကွန်ဖန်း ပါ” ဟု ယမန်နေ့က ၎င်း၏လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုတော် ဗျူဟာမှာကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မိသားစုနှင့် အဆက်အသွယ်ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
မေလ ၂၃ရက်နေ့တွင် အဆိုတော် ဗျူဟာက ၎င်း၏ လူမှုကွန်ရက် ပေ့ချ်ပေါ်တွင် Liveလွှင့်ကာ အာဏာသိမ်း စစ်ကောင်စီလက်ထက် မီးပြတ်တောက်မှုများလာသည့် အကြောင်း NLDအစိုးရနှင့် နှိုင်းယှဉ်ပြောခဲ့ရာ စစ်ကောင်စီတပ်က မေလ ၂၄ရက်နေ့ မနက်ပိုင်း၌ ၎င်း၏နေအိမ်သို့လာရောက်ကာ ထိုးကြိတ်ဖမ်းဆီးသွားသည်။