စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊တောင်မွှာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး မပြေးနိုင်သဖြင့်
ကျန်ခဲ့သည့် အဘွားအိုနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။
အရာတော်မြို့နယ်၊တောင်မွှာကျေးရွာကိုစစ်ကောင်စီတပ်က မေလ ၂၃ရက်၊နံနက်
၈နာရီ ခန့်ကသေနတ်များပစ်ခတ်ပြီးဝင်ရောက်ခဲ့ကာ
မေလ ၂၄ရက်နေ့၊နံနက် ၅ နာရီ ခွဲခန့်၌ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းဒေသတွင်းတော်လှန်ရေးသတင်းများတင်ဆက်နေသည့် အရာတော်ပို့စ်က ထုတ်ပြန်သည်။
“ အမျိုးသားတစ်ယောက်က ရွာထဲမှာကျန်ခဲ့တဲ့တစ်ယောက်က သူတို့ဝိုင်းပစ်လို့သေတာ၊အဘွားအိုကဒီနေ့မနက် ၆နာရီ၊သူတို့၅ခွဲလောက်စရှို့တော့မပြေးနိုင်ဘဲအိမ်ထဲမီးနဲ့ပါသွားတာ” ဟု အရာတော်ပို့စ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့် မေလ ၂၃ရက်နေ့နံနက်မှစတင်ကာဒေသခံရွာသားများထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
“အိမ်ဘယ်နှစ်လုံးမီးလောင်သွားသလဲဆိုတာကိုတော့
အခုညနေအထိ မသိရသေးဘူး။အားလုံးက ဝရုန်း သုန်းကား ဖြစ်နေကြတာဆိုတော့ မသိသေးတာ”ဟု အရာတော်မြို့ခံတစ်ဦးကပြောသည်။
ပြည်သူများ၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေအရေအတွက်ကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်းအရာတော်ပို့စ်က ဆိုသည်။