ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးအနီး တွေ့ရှိသည့် ဖရဲသီး မိုင်းနှင့်ပတ်သက်ပြီးစစ်ကောင်စီတပ်က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (မေလ ၂၄ရက်) နံနက် ၈နာရီခွဲခန့်က ရန်ကုန်မြို့၊သာကေတမြို့နယ်၊စက်မှုလက်မှုရပ်ကွက်၊ဧရာဝဏ်လမ်းပေါ်ရှိ အရှေ့ပိုင်းခရိုင်တရားရုံး ခြံစည်းရိုးဘေးတွင် ဖရဲသီးထဲထည့်ထားသည့်မိုင်းတစ်လုံးကို စစ်ကောင်စီတပ်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်၊ဧရာဝဏ်လမ်း နေ ပြည်သူတစ်ဦးက ပြောသည်။ “ မနက်အစောပိုင်းက စစ်သားတွေအများကြီးပဲ။ရဲတွေလည်းပါတယ်။မနက်က ခဏလမ်းပိတ်ထားတယ်။တရားရုံးနားမှာ ဗုံးတွေ့လို့ လို့ပြောတယ်။အဲ့နေရာမှာ တစ်ခါတည်း
ဖောက်ခွဲလိုက်လား ဆိုတာတော့ သေချာမသိဘူး။ဘာအသံမှတော့ မကြားဘူး။CCTVတွေ လိုက်ရှာပြီး ကြည့်နေတယ်လို့ ပြောတယ်” ဟု ၎င်းကပြောသည်။
ယင်း မိုင်းကို မည်သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့က ထားသွားသလဲ မသိကြောင်း ရန်ကုန်အခြေစိုက် ပြောက်ကျား ခေါင်းဆောင်တစ်ဦးက ပြောသည်။ “ ဘယ်အဖွဲ့ကလုပ်သလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး။ရန်ကုန်အရှေ့ပိုင်း ခရိုင်က ပကဖတွေပဲသိမှာ။အဲ့မှာ
ဖမ်းဆီးခံထားရသူတွေရှိနေတော့ မဆက်သွယ်ဖြစ်တာ။မိုင်းနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံရသူရှိတယ်လို့ မကြားသေးပါဘူး” ဟု ၎င်းကပြောသည်။
ယခုနှစ် မေလအတွင်း စစ်ကောင်စီတပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကျပ်ကာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးနေကြောင်း သိရသည်။