မကွေးတိုင်း၊ပေါက်နှင့်ဆိပ်ဖြူမြို့နယ်တို့တွင် ရာသီဥတုရုတ်တရက်ပြောင်းလဲမှုကြောင့် ကျွဲ၊နွားနှင့်ဆိတ် အကောင်ရေ ရာနှင့်ချီဖျားနာသေဆုံးခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်း သက်ရောက်မှုကြောင့် မေလ ၁၂ ရက်နေ့မှ စပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာအိမ်မွေးတိရိစ္ဆာန်များ ဖျားနာသေဆုံးခဲ့ခြင်းဖြစ်သည်။
“နေ့တိုင်းလိုလိုသေတာ။ကျနော်တို့ရွာမှာ ၃ ရက်အတွင်း ကျွဲ၊နွား၊ဆိတ် ၃၀၀ လောက်သေတယ်။တခြားနေအိမ်တွေ ပျက်စီးမှုတွေလည်းရှိတယ်။ကျွဲ၊နွားတွေသေတာက အဆိုးဆုံးပေါ့။စိုက်ပျိုးရာသီလည်းနီးနေပြီဆိုတော့”ဟုပေါက်မြို့နယ်၊ ကန်တောရွာသား တစ်ဦးက ပြောသည်။
အပူချိန်ပြင်းထန်စွာကျရောက်နေရာမှာ ရုတ်တရက်ဆိုသလို မိုးသည်းထန်စွာရွာသွန်းသောကြောင့် အိမ်မွေးတိရစ္ဆာန်များသေဆုံးခြင်းဖြစ်နိုင်ကြောင်း ဆိပ်ဖြူမြို့နယ်၊ကျောက်ကြီးရွာသားတစ်ဦးက ပြောသည်။
“မိုးတော်တော်ရွာချလိုက်တဲ့အချိန်မှာ မြေနိမ့်ပိုင်းတွေ ရေတက်တော့ လူတွေလည်း ရေဘေးလွတ် အောင်ပြေးရတာ တိရစ္ဆာန်တွေကို အဲလို ဖြစ်မယ်လည်းမထင်ကြဘူးလေ။အပူကို ဆက်တိုက်ခံလာ ပြီးမှ ရေထဲ ခပ်ကြာကြာနေရတဲ့ ကောင်တွေ ပိုသေကြတာ”ဟု ၎င်းကပြောသည်။
ပေါက်မြို့နယ်တွင် နွားနှင့်ဆိတ်သေဆုံးမှုသည် စုစုပေါင်း ၅၀၀ ဝန်းကျင်အထိရှိပြီး ဆိပ်ဖြူနယ်တွင် ကျွဲ၊နွား သေဆုံးမှု အနည်းဆုံး ၁၀၀ ဝန်းကျင်ရှိသည်ဟု လတ်တလောစာရင်းကောက်ယူမှုများအရ သိရကြောင်းကန်တောရွာသားကပြောသည်။
ပေါက်မြို့နယ်တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှမ်းစိုက်ခင်း ဧက ၅၀၀ ကျော် ပျက်စီးခဲ့ကြောင်းသိရသည်။