ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဝင်ရောက်မည့် ကုန်တင်ကားများအား စစ်ကောင်စီမှ ဝင်ခွင့်မပြုသောကြောင့် စောင်ဆိုင်းနေရကြောင်း သိရသည်။
ကုန်ကားများအနေဖြင့် စစ်တွေမြို့ကို ဝင်ရန်အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းဂိတ်တွင် စောင့်ဆိုင်းနေရကာ လက်ရှိတွင် ၈ ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
“ စစ်ကောင်စီက ပိတ်ထားတာဗျ။ ကုန်ကားတွေက စစ်တွေမြို့ကို ဝင်ဖို့ စောင့်နေကြရတာ ၈ ရက်တောင် ရှိနေပြီ။ တန်းစီပြီးစောင့်နေရတာ။ ဒီကုန်ကားတွေသာ ဝင်လို့ရရင် ရခိုင်မှာ ကုန်ဈေးနှုန်းတွေ အတိုင်းအတာ တစ်ခုထိတော့ ကျလာမှာပါ” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
စစ်ကောင်စီအနေဖြင့် မုန်တိုင်းဒဏ်သင့်သော ရခိုင်ပြည်နယ်အတွင်းသို့ ကုန်ကားများ အဘယ်ကြောင့် ဝင်ခွင့်မပြုသည်ကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ လက်ရှိတွင် စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ထားသည်။
“ အဓိကကတော့ အမိုးတွေ လိုအပ်နေတာ ရွာဘက်တွေမှာတော့ ဝယ်လို့မရတော့ဘူး။ မြို့ပေါ်တက်ဝယ်ရင်တော့ ရတယ်။ ဈေးတွေလည်း အရမ်းတက်တယ်။ ရန်ကုန်ကနေ ပို့ပေးမယ်လို့ဆိုတော့လည်း အခုလိုမျိုး ကုန်ကားတွေကို ဂိတ်တွေမှာ ပိတ်ထားတော့ ဘယ်လိုမှ အဆင်မပြေဘူး။ နောက်ပြီး သောက်ရေလည်း လိုနေတာ။ သောက်ရေက လုံးဝကို အဆင်မပြေဘူး။ အင်တာနက်လိုင်းတွေလည်း မရဘူး။ သတင်းအချက်အလက်တွေ သိချင်ရင် မြို့ပေါ်က ညီမရုံးကို လာပြီး သုံးရတယ်” ဟု စစ်တွေမြို့ပေါ်သို့ ရောက်ရှိနေသော ဒေသခံအမျိုးသမီးက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ အဆမတန်တက်နေသလို ဝယ်ယူရန်အတွက်ပင် ခက်ခဲနေသည့်အပြင် လျှပ်စစ်မီးမရခြင်း၊ ဖုန်းလိုင်း၊ အင်တာနက်မရခြင်းနှင့် သောက်ရေများ ပြတ်လပ်ခြင်းစသည့် အခက်အခဲများအား မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ ကြုံတွေ့ရင်ဆိုင်နေရသည်။
ရခိုင့်တပ်တော် (AA) ၏ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများအား ဈေးအဆမတန် တင်ရောင်းခြင်းကို မပြုလုပ်ရန် တားမြစ်ထားသည်။