မိုခါမုန်တိုင်း ဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်တစ်ဝန်းတွင် သံဖြူ (သွပ်မိုး) များ ဝယ်ယူရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအနေဖြင့် နေအိမ်အမိုးများအား ပြန်လည် ပြုပြင်ရန်အတွက် သံဖြူ (သွပ်မိုး) များ လိုအပ်နေကာ ရခိုင်ပြည်အတွင်း ဝယ်ယူရခက်နေပြီး ဈေးကြီးပေးဝယ်နေရကြောင်း စုံစမ်းသိရှိရသည်။
“ မြောက်ဦး၊ ကျောက်တော်တွေမှာတော့ ဝယ်ရတာမခက်ပါဘူး။ ဒါပေမဲ့စျေးကလည်း ယခင်ကထက် တင်တောင်းထားကြတယ်။ ဝယ်တဲ့နေရာမှာ တန်းစီပြီး ဝယ်ရပါတယ်။ အပျက်အစီးများတော့ သံဖြူတွေကို စျေးတင်ရောင်းကြပါတယ်။ ပုံမှန်ဈေးထက် တပေကို ၃ ထောင် ၄ ထောင် ပိုပေးဝယ်ရပါတယ်။ ပုံမှန်ဆို သံဖြူတစ်ချပ်မှ ၁၈၀၀ အခုက ၃၅၀၀ ပေးရတယ်။ လိုချင်ရင် အဝေးကြီးကို သွားဝယ်ရတယ်။ မုန်းတိုင်းကြောင့် လမ်းတွေကလည်း အပင်တွေရော ဓါတ်တိုင်တွေရော လဲထားလို့ သွားရလာရခက်တယ်” ဟု ရခိုင်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အင်အားပြင်း မုန်တိုင်း မိုခါ တိုက်ခတ်ခဲ့သည့် ဒဏ်ကြောင့် ရခိုင်ပြည်နယ်တစ်ဝန်းတွင် အဆောက်အအုံများနှင့် နေအိမ်များ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။
“ ကျွန်မက အခုက ရန်ကုန်မှာ နေထိုင်ပေမယ့် ကျွန်မရဲ့ ဇာတိက စစ်တွေကပါ။ အခုဆို မုန်တိုင်းကြောင့် ရခိုင်မှာ အခက်အခဲတွေ ကြုံတွေ့နေရတာကို မြင်ရတွေ့ရတော့ စိတ်မကောင်းဘူး။ အခုလည်း သံဖြူ(သွပ်မိုး) တွေ လိုနေတယ်တဲ့ တချို့တွေက ဈေးတွေ တင်ရောင်းလို ပြည်သူတွေက မဝယ်နိုင်ကြဘူး။ တချို့ဆို လုံးဝကို ဝယ်မရတာတွေရှိတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး သံဖြူတွေ ပို့ပေးဖို့ ဆုံးဖြတ်ဖြစ်တာပါ။ ပြီးတော့ သူများတွေလိုလည်း ကိုယ်တိုင် ပရဟိတ မလုပ်နိုင်ဘူးလေ။ တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ” ဟု ရန်ကုန်မြို့မှာ ရောက်ရှိနေထိုင်နေတဲ့ ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုခါမုန်တိုင်းဝင်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန် အလွန်ပင် ခက်ခဲနေပြီး ရန်ကုန်သို့သာ မှာယူနေရကြောင်း သိရသည်။
“ မုန်တိုင်းတိုက်တော့ အဆောက်အဦတွေရဲ့ အမိုးတွေ အကုန်လုံးက လေထဲ ပါသွားတယ်လေ။ ဉီးပဉ္စင်းတို့ ကျောင်းတိုက်ဆိုလည်း အမိုးတွေ အကုန်လန်ပြီး သီတင်းသုံးဖို့ အခက်အခဲဖြစ်နေတာ။ သီတင်းသုံးဖို့ ခက်တာထက် မုန်တိုင်းရှောင်ဖို့ ရောက်လာသူတွေပါ နေစရာမရှိ ဖြစ်နေတာပေါ့။ ကူညီကယ်ဆယ်ရေးတွေလည်း တစ်ခုမှ မရသေးဘူးလေ။ အခုက သံဖြူ (သွပ်မိုး) တွေ ဝယ်ဖို့ အရမ်းကိုမှ ခက်နေတာ။ ဝယ်သူများပြီး ပစ္စည်းတွေက ပြတ်နေတာဆိုတော့ ရန်ကုန်ကိုပဲ မှာရတယ်။ သစ်၊ ဝါး၊ သံ အကုန်လုံးကို လိုအပ်နေတာ။ အခုက ရိက္ခာပါ လိုအပ်နေတာ” ဟု ကျောက်တော်မြို့နယ် ရွှေလှိုင်ကျေးရွာ၊ မေတ္တာဉယျာဉ် ပညာဒါန ပရဟိတ ကျောင်းတိုက်မှ နာယက ဆရာတော်က မိန့်သည်။
ရခိုင်ပြည်သူများအနေဖြင့် စုဆောင်းထားသည့် ဆန်၊ စပါး စားနပ်ရိက္ခာနှင့် ကျွဲ၊ နွား တိရစ္ဆာန်များလည်း မုန်တိုင်းဒဏ်ကြောင့် များစွာဆုံးရှုံးခဲ့ရသောကြောင့် စားနပ်ရိက္ခာများလည်း လိုအပ်နေသည်။
“ ကျွန်တော်ကတော့ စော်ဘွားကြီးကုန်းကနေ ပုံမှန်ဈေးနဲ့ပဲ ရခိုင်ကို ပို့ပေးမယ်။ မနက်ဖြန်တော့ ရောက်အောင်ပို့ပေးဖို့ ပြင်ဆင်ထားပါတယ်။ ပုံမှန်ဈေးကတော့ သွပ်တစ်ချပ်ကို တစ်ထောင်ကျော်ပါ။ လုံးဝလည်း ဈေးတက်ပြီး ပို့ပေးမှာ မဟုတ်ပါဘူး။ ပြည်သူတွေ အဆင်ပြေအောင် အားလုံးစီစဉ်ပြီး ပို့ပေးမှာပါ” ဟု ရန်ကုန်မြို့မှ သွပ်ရောင်းသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုအပြီး ပျက်စီးမှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အပူတပြင်းလုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။